စစ်ဘေးရှောင်များအတွက် မီဇိုရမ်မှာ UNICEF ရုံးဖွင့်လှစ်ရန် မီဇိုရမ်လွှတ်တော်အမတ် တောင်းဆို

စစ်ဘေးရှောင်များအတွက် မီဇိုရမ်မှာ UNICEF ရုံးဖွင့်လှစ်ရန် မီဇိုရမ်လွှတ်တော်အမတ် တောင်းဆို

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏  ရုံးဖွင့်လှစ်နိုင်ပေးရန် မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K. Vanlalvena ကတောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်တွင် အောက်တိုဘာလ ၂၆ ရက်နေ့မှာကျင်းပတဲ့  ချင်းနှစ်သစ်ကူးပွဲတော်မှာ ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ခဲ့ပြီးနောက် အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အချိန်မှာ လွှတ်တော်အမတ်က ထိုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ်သည် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ဝါရှင်တန်ဒီစီက အမေရိကန်အစိုးရအဖွဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အရာရှိ Erin Kimsey ကို သွားရောက်တွေ့ဆုံခဲ့ပြီး မီဇိုရမ်ပြည်နယ်တွင် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးဖွင့်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် အိမ်နီးချင်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မဏိပူရ်ပြည်နယ်တို့မှ စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်အမြောက်အများ လာရောက်ခိုလှုံသည့်ပြည်နယ်ဖြစ်ပြီး စစ်ဘေးရှောင်များထဲတွင် ကလေးငယ်အများအပြား ပါဝင်ကြောင်း၊ ထိုကလေးငယ်များသည် ကောင်းမွန်သော ပညာရေး၊ ကျန်းမာရေး၊ အစားအသောက်များ၊ အဝတ်အထည်များနှင့် နေရာထိုင်ခင်များလိုအပ်လျှက်ရှိသည်ဟု မီဇိုရမ်လွှတ်တော်အမတ်က တင်ပြခဲ့သည်။

၎င်းတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် မီဇိုရမ်ပြည်အစိုးရအနေဖြင့် အခက်အခဲများစွာရှိနေသည့်အတွက် UNICEF ရုံးခန်းကို မီဇိုရမ်ပြည်နယ်တွင် အမြန်ဆုံးဖွင့်လှစ်နိုင်ရေး တိုက်တွန်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူ Erin Kimsey ကလည်း မီဇိုရမ်ပြည်အထက်လွှတ်တော်အမတ်၏ တင်ပြတောင်းဆိုမှုအပေါ် အလေးအနက်ထားပြီး ကူညီဆောင်ရွက်ပေးမည်ဟု ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။

ယင်းတွေ့ဆုံပွဲ တွင် Chin Association of Maryland ခေါင်းဆောင်များဖြစ်သည့် Pu Zo Tum Hmung နှင့် သိက္ခာတော်ရ Rev. Tim Sienna တို့လည်း လိုက်ပါခဲ့ကြသည်ဟု သိရသည်။

လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျောင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၂၀၀၀ ကျော်နှင့် မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင် တစ်သောင်းနီးပါးခန့် ခိုလှုံလျက်ရှိကြသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...