ပလက်ဝ၌ MDF စခန်း လေကြောင်းတိုက်ခိုက်ခံရ၍ ရဲဘော်နှင့် ဒေသခံ ၄ ဦး သေဆုံး

ပလက်ဝ၌ MDF စခန်း လေကြောင်းတိုက်ခိုက်ခံရ၍ ရဲဘော်နှင့် ဒေသခံ ၄ ဦး သေဆုံး

အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) ၏ စခန်းတစ်ခုကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ရဲဘော်နှင့် ဒေသခံ ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၁၁ နာရီခန့်တွင် ချင်းပြည်၊ မရာဒေသရှိ MTC/MDF ၏ စခန်းတစ်ခုကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “နယ်စပ်က ရွှေလိုက်ဝရွာအနီးမှာ ရှိတဲ့ MDF စခန်းကုန်းကို ကြဲတာလို့တော့ သိရတယ်။ ဒါပေမယ့် သေဆုံးသွားတဲ့ ၄ ဦးမှာ ၂ ဦးကတော့ ဒေသခံတွေလို့တော့ ပြောကြတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၅ ယောက်လောက် ရှိတယ်လို့ လောလောဆယ် သိထားရတယ်” ဟု ပြောသည်။

MTC/MDF တပ်ဖွဲ့၏ လေ့ကျင့်ရေးစခန်းတစ်ခုကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အတွက် ဒေသခံရွာသား ၅ ဦးနှင့် ရဲဘော် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းများကို ဖော်ပြနေသည့် The Maraland Times ကလည်း ရေးသားထားသည်။

အိန္ဒိယ-မြန်မာနယ်စပ်၊ မရာဒေသ၊ ရှင်းလက်ချောင်းဖျားတွင် တည်ရှိသော ရွှေလိုက်ဝကျေးရွာကို MTC/MDF အပြင် အာရက္ခတပ်တော် (ULA/AA) ကလည်း ပူးတွဲထိန်းချုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ MTC/MDF ထံ ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်မှု မရရှိသေးပေ။

ဩဂုတ်လ ၂၄ ရက်ကလည်း ပလက်ဝမြို့နယ် စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ် ၈ ဦးအပါအဝင် ဒေသခံ ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင်လည်း ပလက်ဝမြို့နှင့် ဆမီးမြို့များကို စစ်အုပ်စုတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲခဲ့သဖြင့် ကလေးငယ်များ အပါအဝင် ဒေသခံများ သေဆုံး ထိခိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...