မြို့နယ်နှင့် ဒေသ ၁၉ ခုတွင် ဒေသန္တရအစိုးရများ ဖွဲ့စည်းထားဟု ချင်းလဲန်းကောင်စီ ဆို

မြို့နယ်နှင့် ဒေသ ၁၉ ခုတွင် ဒေသန္တရအစိုးရများ ဖွဲ့စည်းထားဟု ချင်းလဲန်းကောင်စီ ဆို
ဓာတ်ပုံ -(ပုံဟောင်း / Crd)
ဓာတ်ပုံ -(ပုံဟောင်း / Crd)

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင် ရှေးယခင်အဆက် ဆက်ကတည်းက တည်ရှိနေသည့် မျိုးနွယ်စုနှင့် ဒေသကို အခြေခံ၍ ဖွဲ့စည်းထားကြောင်း ထုတ်ဖော်ပြောဆို လိုက်သည်။

ချင်းပြည် (Chinland) တည်ဆောက်ခြင်း၊ ချင်းပြည်သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကျင့်သုံးပြီး နှစ်နှစ်ခွဲကာလ အတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာနှင့် ပတ်သက်၍ ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် အွန်လိုင်းမှ တစ်ဆင့် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ချင်းလဲန်းကောင်စီ တာဝန်ရှိသူများက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ယခင် ၂၀၂၁ အာဏာမသိမ်းမှီ ကာလက တည်ရှိခဲ့သော အုပ်ချုပ်ရေးနယ်နိမိတ်များကို အခြေမခံဘဲ ရှေးယခင် အဆက်ဆက်ကတည်းက တည်ရှိရှင်သန်နေခဲ့သော ဒေသနှင့် မျိုးနွယ်စု နယ်နိမိတ်များကို အခြေခံ၍ ဖွဲ့စည်း ထားသည်” ဟု ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်း ကဲပ်ချင်းထန်း (Salai Kep Chin Thang) က ပြော သည်။

မြို့နယ်နှင့် ဒေသအစိုးရများသည် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အသီးသီးကို ဖော်ဆောင်ကြကာ မြို့နယ်နှင့် ဒေသများက စုပေါင်း၍ အောက်မှ အထက်သို့ ချဉ်းကပ်သည့် ပုံစံဖြင့် ချင်းပြည်ကောင်စီကို အတူတကွ ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။

ချင်းပြည်ကောင်စီရှိ မြို့နယ်နှင့် ဒေသန္တရအစိုးရများမှာ Hakha Central Council ၊ Hualngoram Peoples Organization ၊ Kanpetlet Council ၊ Lautu People Affairs Council ၊ Maraland Council ၊ Matupi Township Council ၊ Mindat Council ၊ Ngawnland Peoples Council ၊ Paletwa Council ၊ Senthang Central Council ၊ Siyin Regional Council ၊ Tedim Township Council ၊ Thado Council ၊ Thantlang Peng Council ၊ Tonzang Township Council ၊ Zanniatland People Organization ၊ Zopheiram Council ၊ Zotung Regional Council တို့အပြင် လက်ရှိတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ပါဝင်နေ သည့် ကလေး - ကဘော် - ဂန့်ဂေါဒေသအခြေပြု CDF- KKG စသည်ဖြင့် ၁၉ ဖွဲ့ ပါဝင်သည်။

ဒေသန္တရအစိုးရများကို ယခင်အစိုးရ အဆက်ဆက်က လစ်လျူရှုခဲ့သော ချင်းပြည် (Chinland) အတွင်း နှစ်ပေါင်းရာချီ တည်ရှိနေသည့် မျိုးနွယ်စုနှင့် ဒေသများကို အခြေခံ ထူထောင်ပြီး မြို့နယ်နှင့် ဒေသ ၁၉ ခုအဖြစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ချင်းပြည်ကောင်စီ၏ အုပ်ချုပ်ရေးစနစ်သည် လူဦးရေ နှစ်သိန်းခွဲကျော်ကို လွှမ်းခြုံထားပြီး နယ်မြေ အားဖြင့် စတုရန်းကီလိုမီတာ ၃၀,၀၀၀ ခန့် ကျယ်ဝန်းကာ အိန္ဒိယနိုင်ငံနှင့် ကီလိုမီတာ ၄၀၀ ကျော် နယ်နိမိတ် ချင်း ထိစပ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လတ်တလောတွင် ချင်းအင်အားစုများအကြား ရင်ဆိုင်ကြုံတွေ့နေရသည့် အမြင်မတူ ကွဲပြားမှုများကို ကျော် လွှား၍ ချင်းအမျိုးသားတည်ဆောက်ရေးအတွက် ချင်းပြည်ကောင်စီက ဦးစားပေး ဆောင်ရွက်နေကြောင်း ချင်းပြည်ကောင်စီ အတွင်းရေးမှူး ဆလိုင်း ကဲပ်ချင်းထန်း က အစီရင်ခံစာ၏ အမှာစာတွင် ရေးသားထားသည်။

ချင်းပြည်ကောင်စီ၏ မြို့နယ်နှင့် ဒေသအစုအဖွဲ့ ၁၉ ခုတွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင် (CB) တို့၏ မြို့နယ်နှင့် ဒေသအစုအဖွဲ့များနှင့် ထပ်နေမှု ရှိ၊ မရှိကိုမူ အတိအကျ ဖော်ပြထားခြင်း မရှိသေးပေ။

ချင်းပြည်ကောင်စီကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရပြီး စစ်အုပ်စုတပ်ကို တော်လှန်ရေး၌ ပူးပေါင်းပါဝင်သည့် ချင်းလွှတ်တော်အစုအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး (CNF) အစုအဖွဲ့နှင့် မြို့နယ် နှင့် ဒေသအစုအဖွဲ့တို့ဖြင့် စုပေါင်းတည်ထောင်ထားခြင်းဖြစ်ကာ ဦးဆောင်မှုအဖွဲ့ကို လူပုဂ္ဂိုလ် ၂၅ ဦးဖြင့် ဖွဲ့စည်း ထားသည်။

August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...