ချင်းတော်လှန်ရေးအင်အားစုများ ပေါင်းစည်းရေး အိုင်ဇောလ်တွင် ချင်းငြိမ်းချမ်းရေးညီလာခံ ကျင်းပ

ချင်းတော်လှန်ရေးအင်အားစုများ ပေါင်းစည်းရေး အိုင်ဇောလ်တွင် ချင်းငြိမ်းချမ်းရေးညီလာခံ ကျင်းပ

ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး သား အတိုင်ပင်ခံကောင်စီ (ICNCC/ CB) အင်အားစုများအကြား ပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ် ရေးအတွက် “Chin Peace Summit 2026” ခေါင်းစဉ်ဖြင့် ချင်းငြိမ်းချမ်း‌ရေး တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။

ဩဂုတ်လ ၆ ရက်မှ ၈ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ရှိ Aijal Club တွင် အဆိုပါ ချင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမေရိကန်အခြေစိုက် Chin Peace and Reconciliation Initiative (CPRI) နှင့် မီဇိုရမ်ပြည်နယ်အစိုးရက ဦးဆောင်ဖွဲ့စည်းပေးထားသော Advocacy Group for Peace, Mizoram တို့က ပူးပေါင်း၍ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချင်းငြိမ်းချမ်းရေးညီလာခံသို့ ချင်းလဲန်းကောင်စီမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ကြသလို ICNCC နှင့် ချင်းညီနောင် (CB) တို့မှ သဘာပတိ အဖွဲ့ဝင်အချို့အပါအဝင် နိုင်ငံရေးနှင့် စစ်ရေး ထိပ်ပိုင်းခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

ထို့ပြင် မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးအပါအဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူအချို့၊ ဘာသာရေး အဖွဲ ့အစည်းများမှ တာဝန်ရှိသူများ၊ မီဇိုးလူငယ်များအသင်း (CYMA) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များပါ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ချင်းအင်အားစုများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည့် အသေးစိတ် အခြေအနေများနှင့် မည်သည့်အကြောင်းအရာများ သဘောတူညီမှု ရရှိခဲ့သည်ဆိုသည်ကို ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် ဆက် လက်စုံစမ်း မေးမြန်းနေဆဲဖြစ်သည်။

၃ ရက်တာ ကျင်းပခဲ့သော အဆိုပါ ညီလာခံတွင် ချင်းတော်လှန်ရေးအင်အားစုများအကြား သွေးထွက်သံယိုမှု များအထိ ဖြစ်ပွားခဲ့သည့် သဘောထားကွဲလွဲမှုများကို ပြန်လည်ကုစားကာ စည်းလုံးညီညွတ်ရေးနှင့် ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

Chin Peace Summit 2026 ကို ဦးဆောင်ကျင်းပခဲ့သည့် CPRI အဖွဲ့ခေါင်းဆောင်များသည် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်နှင့်လည်း သီးသန့်တွေ့ဆုံ၍ ချင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဓာတ်ပုံ - Crd

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...