ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ်အပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရ

ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ်အပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏  လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှာ ဟားခါးမြို့ပြင်ရှိ Rual U သင်္ချိုင်းကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များ နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဟားခါးမြို့ ရုန်းတောင်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟု သိရသည်။

ထိုသို့လက်နက်ကြီးပစ်ကူမှုကြောင့် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ထဲ လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲကာ ဒေသခံပြည်သူများကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ လက်နက်ကြီးကျတာပေါ့၊ ကျည်စမှန်လို့ လူ ၅ ယောက်လောက် ဒါဏ်ရာရတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ပြင်းပြင်းထန်ထန်ဒါဏ်ရာရတာတော့မဟုတ်ဘူး၊ တစ်ယောက်က ကျောမှာ တစ်ချို့က လက်မှာထိတာအလို။ ချက်ချင်းပဲ Ambulance က လာခေါ်သွားတယ်။ ဒီမနက်ကတော့ တော်တော်ကြောက်ရတယ်။ Rual U ဘက်မှာ ပစ်ခတ်မှုဖြစ်တာ၊ စကစက စစ်ကူပစ်ပေးတာလေ ကျွန်မတို့ဆို ကြောက်လို့ ဝပ်နေရတာ” ဟု ဟားခါးဒေသခံအမျိူးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ဟားခါးမြို့သစ်ရပ်ကွက်၊ Carson ဘုရားကျောင်းအောက် ဘက်အနီးတွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး နေအိမ် နှစ်လုံးထိမှန်ကာ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ ၎င်း၏ဇနီးဖြစ်သူ အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦး၊ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၃၀ ကျော်အရွယ် ကလေးမိခင်တစ်ဦး စုစုပေါင်း ၄ ဦးတို့ ထိခိုက်ဒါဏ်ရာရရှိခဲ့ကြသည်။

ဒဏ်ရာရရှိသူထဲတွင် (၂) ဦးမှာ ဒဏ်ရာပြင်းထန်ပြီး၊ ကျန်နှစ်ဦးကတော့ ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြသည်ဟု သိရသည်။

ဟားခါးမြို့ပြင် Rual U သင်ချိုင်းကုန်းအနီးတွင် တပ်စွဲနေရာယူထားကြသော စစ်ကောင်စီတပ်ဖွဲ့များသည် ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဆုပ်ခွါသွားခဲ့ကြသော်လည်း ယခုလက်ရှိမှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...