လောပိတ အမှတ်(၂) စက်ရုံကို (၆) လအတွင်း ပြန်လည်ပြုပြင်နိုင်ဖို့ ကျေးရွာအလိုက် လုပ်အား ပေးခေါ်ယူ၊ စစ်ကောင်စီတပ်က လုံခြုံရေး အပြည့်ယူထား

လောပိတ အမှတ်(၂) စက်ရုံကို (၆) လအတွင်း ပြန်လည်ပြုပြင်နိုင်ဖို့ ကျေးရွာအလိုက် လုပ်အား ပေးခေါ်ယူ၊ စစ်ကောင်စီတပ်က လုံခြုံရေး အပြည့်ယူထား

ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊ လွိုင်ကော်မြို့နယ်အတွင်းက ဘီလူးချောင်း အမှတ်(၂)ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံဝန်း (လောပိတ)ထဲ ကို ရေတွေ စတင်ဝင်ရောက်လာပြီး လျှပ်စစ်ဓတ်အားပေးစက်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရေပြန်လည်ကျဆင်းပေမယ့် အသုံးပြုတဲ့စက်တွေ ပျက်စီးသွားတာကြောင့် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။ စက်တွေကို ပြန်လည်ပြုပြင်နိုင်ဖို့အတွက် လောပိတကျေးရွာအုပ်စုမှာ နေထိုင်ကြတဲ့ ကျေးရွာအလိုက် ဒေသခံတွေကို ရွှံ့ ၊ နုံး ရှင်းလင်းဖို့ လုပ်အားပေးခေါ်ယူနေပြီး စစ်ကောင်စီတပ်တွေက လူအင်အားအပြည့်နဲ့ လုံခြုံရေးယူပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောပိတ ဒေသခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“စက်ရုံအခြေအနေကတော့ စက်အောက်ခန်းတွေ ရေတွေက အကုန်လုံးဝင်သွားတယ်။ စက်တွေ တစ်လုံးမှ လည်လို့မရတော့ဘူး။ အခုရေပြန်ကျသွားတော့ စစ်တပ်တွေက အများကြီးပဲ အဲမှာ။ ရွာအလိုက် ဘယ်ရွာ ၊ ဘယ်ရွာဆိုပြီးတော့ အလှည့်ကျ လုပ်အားပေး ခေါ်ပြီးတော့ လုံခြုံရေး အပြည့်နဲ အဲ့ဒီစက်ရုံထဲက နုံးတွေ၊ ရွှံ့ တွေကို ပြန်ပြီးတော့ ဆည်ထုတ်နေတယ်” လို့ အဆိုပါ ဒေသခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

လွိုင်ကော်မြို့ဟာ  အမှတ် (၂)ရေအားလျှပ်စစ်ဓတ်အားပေး စက်ရုံမှထွက်တဲ့ လျှပ်စစ်ဓတ်အားကို အဓိကရယူနေရတာဖြစ်ပါတယ်။

လတ်တလောမှာ စက်အသုံးပြုလို့မရသေးတာကြောင့် လွိုင်ကော်မြို့ပေါ်မှာလည်း လျှပ်စစ်မီး ပြတ်တောက်နေတာ တစ်လကျော် ရှိနေပြီလို့ လွိုင်ကော် ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“ မီးကတော့ ရေကြီးတုန်းက ပျက်သွားတာ။ လောပိတ ဘက်မှာ ရေဝင်တယ်ပြောလို့။ စပျက်တုန်းကတော့ တစ်လနှစ်လကြာမယ်လို့တော့ ပြောတယ်။အခုထိတော့ ပြန်မရသေးဘူး”လို့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ လွိုင်ကော်မြို့ပေါ်မှာ လျှပ်စစ်မီးတွေ ပြန်လည်ရရှိဖို့ (၆) လအတွင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လောပိတကျေးရွာအုပ်စုဘက်မှာတော့ အမှတ်(၁)စက်ရုံကနေ မီးရယူနေတာကြောင့် လျှပ်စစ်မီးပုံမှန်ရရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

July 30, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှ လူငယ် ၆၉ ဦးသည် ထိုင်းနိုင်ငံ၊...
July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...
July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...
July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...