KNLA ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရအပြီး ပရေကျေထရွာရှိ ဂိတ်စခန်းတစ်ခု ထပ်မံတိုက်ခိုက်ခံခဲ့ရ

KNLA ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရအပြီး ပရေကျေထရွာရှိ ဂိတ်စခန်းတစ်ခု ထပ်မံတိုက်ခိုက်ခံခဲ့ရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုဌာနချုပ်သို့ ယမန်နေ့က ဒရုန်းဖြင့် တိုက်ခိုက်ခံရအပြီး တဆက်တည်းတွင် ပရေကျေထရွာရှိ KNLA တပ်ဖွဲ့၏ လုံခြုံရေးဂိတ်တစ်ခု ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ရှမ်းရွာသစ်-လှိုင်းဘွဲ လမ်းပိုင်းပေါ်ရှိ အဆိုပါ KNLA အထိုင်ချစခန်းကို Kamikaze Drone (အသေခံဒရုန်း) အမျိုးအစားဖြင့် စစ်ကောင်စီက ထပ်မံအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဂိတ်နှင့် ကွာဝေးသည့် ကွင်းပြင်တစ်နေရာတွင် ကျရောက်ပေါက်ကွဲသောကြောင့် ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ခိုင်လုံသော KNLA သတင်းအရင်းအမြစ်က ပြောသည်။

“ပရကျေထ အထွက် KNLA ဂိတ်နားမှာ တစ်လုံး ကျတယ်။ ဂိတ်နဲ့က ဝေးတော့ ဝေးတယ်။ ဒီဘက်မှာ အဲ့တစ်ခုပဲ ဖြစ်သွားတယ်။ ကျတဲ့နေရာက ကွင်းပြင်ကြီးလေ ဘယ်သူမှ ဘာမှမဖြစ်ဘူး။ ထိခိုက် ပျက်စီးတာတွေလည်း မရှိဘူး။ အခြားနေရာမှာ ကျသေးတယ်လို့လည်း မကြားမိဘူး ၊ အဲ့တစ် နေရာပါပဲ။ ဗဟိုမှာလာပစ်သွားတဲ့ ဒရုန်းအမျိုးအစားပဲ‌ ထပ်ပစ်သွားတာ” ဟု ၎င်းသတင်း အရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

ယမန်နေ့၊ နံနက် ၁၀နာရီဝန်းကျင်က KNLA ဌာနချုပ်ကို အသေခံဒရုန်း(၄)လုံးဖြင့် တိုက်ခိုက်ခံရသဖြင့် ရဲဘော်တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ဖြစ်သည်။ အဆိုပါ KNLA ဌာနချုပ်နှင့် ဂိတ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကို မည်သည့် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိအချိန်ထိ မသိရှိရသေးသလို KNLA ဘက်ကလည်း ဖြစ်စဥ်ဖြစ်ပွားပြီးနောက် လုံခြုံရေးတင်းကြပ်လျက်ရှိသည်။

ထိုသို့တိုက်ခိုက်ခံရစဥ် ယမန်နေ့နံနက်ပိုင်းကလည်း လှိုင်းဘွဲမြို့အဝင်အထွက်နေရာများနှင့် ကြာအင်းလမ်းခွဲတို့တွင် နယ်ခြားစောင့်တပ်- BGF အပါအဝင် စစ်ကောင်စီတပ်သား အင်အားအများ အပြားဖြင့် လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း မြို့ခံများနှင့် ခရီးသည်တင်ယာဥ်မောင်းများက ဆိုသည်။

လုံခြုံရေးတင်းကြပ်ထားရသည့်အကြောင်းအရင်းကို ကေအိုင်စီမှ ဒေသခံများထံမေးမြန်းရာတွင် ရှမ်းရွာသစ်ကျေးရွာအတွင်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် စစ်ကောင်စီ၏ လှိုင်းဘွဲဗျူဟာမှ ဗျူဟာမှူးတို့ အလှူပွဲတစ်ခုအတွက် ရောက်ရှိလာခြင်းဖြစ်၍ လုံခြုံရေးယူပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ကောင်စီအပါအဝင် BGFတပ်ဖွဲ့ဝင် အင်အား (၂၀၀) ခန့်ဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ် လမ်းအတိုင်း ယခင်ကထက် လုံခြုံရေးတင်းကြပ်ထားမှုကြောင့် နယ်မြေအတွင်းသို့ နှစ်ဖက်ပူးပေါင်းထိုးစစ်ဆင်လာသည့် ကောလာဟလများ ပေါ်ထွက်ခဲ့ပြီး ဒေသခံများစိုးရိမ်ထိတ်လန့်မှုဖြင့် ရင်ဆိုင်ခဲ့ရသည်။

Most read this week

ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...
(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...