မင်းပြားမြို့နယ်က ချင်းရွာများတွင် အရေပြားရောဂါကူးဆက်ပြန့်ပွားနေပြီး၊ ဆေးဝါးကုသမှုပိုင်းအခက်အခဲဖြစ်နေ

မင်းပြားမြို့နယ်က ချင်းရွာများတွင် အရေပြားရောဂါကူးဆက်ပြန့်ပွားနေပြီး၊ ဆေးဝါးကုသမှုပိုင်းအခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ ဖြစ်ပွားနေပြီး ဆေးဝါးကုသမှု ရရှိနိုင်ရန် ခက်ခဲနေကြကြောင်း ယင်းရွာများကို ကူညီပေးနေသူများထံမှ သိရသည်။

စက်တင်ဘာလအတွင်းက မင်းပြားမြို့နယ် ပန်းမြောင်းချောင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ဒိုင်းသား၊ ခွဆုံ၊ ထိန်ပင်-ပေါက်တော၊ င/တာ၊ ချောင်းတိုစသည့် ချင်းကျေးရွာများတွင် ကလေးအပါအဝင် လူကြီးလူငယ်များသည် ပွေးယားနာဖြင့် ပုံစံတူ ကူးဆက်တတ်သော ယားနာများ ဖြစ်ပွားနေခဲ့ကြောင်း ဆေးဝါးစောင့်ရှောက်မှု ကူညီပေးနေသူက ပြောသည်။  

“ဆေးဝါးပြတ်လတ်တာရယ်၊ ဆေးဝါးဈေးကြီးတဲ့အခါကြတော့ လူနာပြည်သူတွေဟာ မဝယ်နိုင်ဘူး။ မဝယ်နိုင်တော့ ဒီ့အတိုင်း တိုင်းရင်းဆေးတွေနဲ့ ကုလိုက် လုပ်နေကြရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း နဂိုကတည်းက အားနည်းတယ်။ အဲဒီမှာ ကျန်းမာရေး ဝန်ထမ်းကလည်း ဘယ်အစိုးရ၊ ဘယ်အဖွဲ့အစည်းအောက်မှာမှ မရှိကြဘူး ပြောရမယ်။ သူတို့က ကိုယ်ထူကိုယ်ထ ပြောရမှာပေါ့။ လစာတွေလည်း မရဘူးထင်တယ်။ သူတို့က ကုသချင်ပေမယ့် ဆေးဝါး မရှိတာရယ်၊ ဥပမာ ကျေးရွာ ၂ရွာ၊ ၃ ရွာမှ ကျန်းမာရေးဝန်ထမ်းတစ်ယောက်ပဲ ဆိုတော့ အဆင်မပြေဘူးပေါ့လေနော်။ ဒါတွေက တော်တော်ခက်ခဲနေတယ်” ဟု ၎င်းက ပြောသည်။

ယင်းချင်းကျေးရွာများတွင် ဆေးဝါး မရှိခြင်း အပါအဝင် လိုအပ်သည့် ဆေးဝါးများ ဝယ်ယူနိုင်ရန် ခက်ခဲနေပြီး ဆေးဝါးများ ရှိပါကလည်း ရန်ကုန်တွင် တစ်ထောင်ခန့်ရှိသော ဆေးဝါးမှာ ယင်းရွာကို ရောက်ပါက အနည်းဆုံး ခုနှစ်ထောင်ခန့် ပေးဝယ်နေရကြောင်း သိရသည်။  

မင်းပြားမြို့နယ် ပန်းမြောင်းချောင်းတကြောက ချင်းကျေးရွာများတွင် လက်ရှိတွင် အရေပြားရောဂါဖြစ်ပွားမှု ၃၀၀ ခန့် ရှိနိုင်ပြီး ယင်းဒေသတကြောက ချင်းရွာများအပါအဝင် ရခိုင်ရွာများတွင် ဖြစ်ပွားနေမှုများပါ ထည့်တွက်လျှင် ကလေး၊ လူကြီး တစ်ထောင်ခန့် ဖြစ်ပွားနိုင်ကြောင်း၊ ဒေသခံပြည်သူများ၏ ဖြစ်ပွားမှု အရေအတွက်ကို အတိအကျ ရရှိရန် ခက်ခဲကြောင်း သိရသည်။

အလှူရှင်များ၏ ကူညီမှုဖြင့် ပန်းမြောင်းချောင်းဒေသက ချင်းရွာများမှ အရေပြားရောဂါဖြစ်ပွားမှုများကို ပထမအကြိမ်ဆေးဝါး လိုက်လံ ကုသမှုပေးရာတွင် အတော်အသင့် သက်သာပျောက်ကင်းမှုများ ရှိခဲ့ပြီး လက်ရှိတွင်လည်း ကူညီထောက်ပံ့မှုများ လိုအပ်နေသေးကြောင်း ဆေးဝါးစောင့်ရှောက်မှု ကူညီပေးနေသူများက ပြောသည်။

ယင်းဒေသက အရေပြားရောဂါဖြစ်ပွားမှုမှာ သာဓကအားဖြင့် အိမ်ခြေ ၁၁၀ ခန့်ရှိသော ရွာတွင် လူဦးရေ ၇၀ ခန့်ရှိပြီး အိမ်ခြေ ၈၀ ခန့်ရှိသော ရွာတွင် လူဦးရေ ၁၀၀ ကျော်ဖြစ်ပွားမှုလည်း ရှိနေကြောင်း၊ ကျေးရွာတချို့ကို ဆေးဝါးကုသမှုပေးနိုင်ရန် လက်လှမ်း မမှီမှုလည်း ရှိခဲ့ကြောင်း သိရသည်။

ပန်းမြောင်းကြီးချောင်းဒေသတွင် ရေကြီးရေလျံမှုဖြစ်ပြီး ရေငံများ ဝင်ရောက်မှုကြောင့် ချင်းကျေးရွာ ငါးရွာခန့်တွင် လယ်စပါးဧက ၃၀၀ ခန့် ပျက်စီးခဲ့ပြီး ချင်းနှင့် ရခိုင်ကျေးရွာများ အားလုံးပေါင်းလျှင် လယ်ဧက ထောင်ဂဏန်းအထိ ပျက်စီးနိုင်ကြောင်း၊ လယ်စပါး များအတွက် ဓါတ်မြေဩဇာ အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...