ကချင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့တွေမှာ သန်းခေါင်စာရင်းကောက်ယူနေ

ကချင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့တွေမှာ သန်းခေါင်စာရင်းကောက်ယူနေ

ကချင်ပြည်နယ်အတွင်းက  ပဋိပက္ခဖြစ်ပွားခြင်းနည်းပါးပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့တွေမှာ စစ်ကောင်စီဘက်မှ သန်းခေါင်စာရင်းကောက်ယူမှုတွေ ရှိနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုတွေကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး တစ်အိမ်တက်ဆင်းကောက်ယူသွားမှာလို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒါပေမယ့် ကောက်ယူတဲ့နေရာမှာ မြို့ပေါ်ရပ်ကွက်တွေကိုသာ တစ်အိမ်တက်ဆင်း ကောက်ယူနေတာဖြစ်ပြီး ကျေးရွာတွေဆီကိုတော့ လူကိုယ်တိုင်လာရောက်ခြင်းမရှိကြပဲ  အုပ်ချုပ်ရေးမှူးတွေဆီကနေ တဆင့် မေးခွန်းတွေရေးထားတဲ့ စာရွက်များကိုသာ လိုက်လံဖြန့်ဝေကာ ဖြည့်သွင်းခြင်းလုပ်ဆောင်စေတာ ဖြစ်ကြောင်း မိုးညှင်းမြို့နယ် ဒေသခံများက ဆိုကြပါတယ်။

“ ဒီဘီလူးမြို့အုပ်စုရွာတွေမှာတော့  ဒီလိုပဲစာရွက်ပဲရောက်တာ လူကိုယ်တိုင်လာမကောက်ကြဘူး မိုးညှင်းမြို့ပေါ်မှာဆို တစ်အိမ်တက်ဆင်းကောက်တယ်တဲ့ ဒီမှာက လုံခြုံရေးကြောင့်လည်းပါမယ် လူမလာဘူး စာရွက်ပဲပေးပေးပြီး စာရွက်ထဲကိုယ့်အိမ်စာရင်းတွေဖြည့်ပြီး သူတို့ကိုသွားပြန်ပေးလိုက်တာပဲ” ဟု မိုးညှင်းမြို့အနီးက ဘီလူးမြို့ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

စာရွက်တွေနဲ့  ဖြန့်ဝေဖြည့်သွင်းစေတဲ့ထဲမှာ စစ်ကောင်စီဘက်က ကြေညာထားသလို  လူမျိုးနဲ့အိမ်တွင်ပြောဆိုသော ဘာသာစကားကို မေးမြန်းထားခြင်းမရှိပဲ လူဦးရေစာရင်း၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ပညာရေး၊နိုင်ငံခြားထွက်ခွာသူရှိမရှိ စတာတွေနဲ့  မေးခွန်းပေါင်း(၂၀)ကျော်သာ ပါရှိတယ်လို့ သိရပါတယ်။

“ အခုကောက်တဲ့ဟာတွေက  သေသေချာချာကောက်တာလည်းဟုတ်ဟန်မတူပါဘူး အဖြစ်ပဲထင်တယ် အေ့လိုသဘောပဲ ၂၀၁၄ ခုနှစ်ကကောက်တဲ့သန်းခေါင်စာရင်းနဲ့တော့ မတူဘူး”  ဟု ပင်းဟဲကျေးရွာ  ဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက  မိုးညှင်းမြို့၊မိုးကောင်းမြို့၊မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ပူတာအို စတဲ့ မြို့ပေါ်တွေကိုတော့ သန်းခေါင်စာရင်းကောက်ယူရတဲ့ ဝန်ထမ်းများက လုံခြုံရေးများအပြည့်နဲ့ လာရောက်ကောက်ယူမေးမြန်းတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်နဲ့ တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးဝင်ရောက်ထားသော မိုးညှင်းမြို့နယ် ၊အင်းတော်ကြီးဒေသက ကျေးရွာများကိုတော့  အခုလို စာရွက်ဖြင့်ဖြစ်စေ လူကိုယ်တိုင်များဖြင့်ဖြစ်စေ သန်းခေါင်စာရင်းကောက်ယူခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။ 

June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...
June 23, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ရေမြင့်တက်လာမှုကြောင့်...
June 20, 2026
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)က တိုင်းရင်းသားအဆင့်မြင့်...