ပလက်ဝမြို့နယ်က နေရပ်စွန့်ခွါ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အနွေးထည်များ အကူအညီ လိုအပ်နေ

ပလက်ဝမြို့နယ်က နေရပ်စွန့်ခွါ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အနွေးထည်များ အကူအညီ လိုအပ်နေ

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း နှင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အတွင်းတွင် နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြရသော ပလက်ဝစစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေး ထည်များ အကူအညီလိုအပ်နေကြသည်ဟု သိရသည်။

စစ်ရေးအခြေအနေကြောင့် ယခုလက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်သူ တစ်သောင်းခွဲကျော်နှင့် အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးတိမ်းရှောင်သူ လေးထောင်ကျော် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းဝန်းကျင်ခန့်ရှိပြီး ဆေးဝါး၊ စားနပ်ရိက္ခာအကူအညီများလိုအပ် နေကြသည်ဟု Paletwa IDPs and Humanitarian Supporting အဖွဲ့မှ တာဝန်ခံ ဆလိုင်းစိုးသန်းကပြောသည်။

“ ကျွန်တော်တို့ ပလက်ဝမြို့နယ်အတွင်းရဲ့ IDPs ရှိမယ်၊ နောက် မီဇိုရမ်ဘက်က Refugee ရှိတာပေါ့။ ပလက်ဝကောင်စီထိန်းချုပ်ဧရိယာအတွင်းဆိုရင်တော့ ပြည်သူ့ကျန်းမာ‌အဖွဲ့ရှိပါတယ်။ ဆေးဝါးလုံလောက်မှုမရှိဘူး။ ပြီးတော့ စားနှပ်ရိက္ခာပေါ့ အဓိက ဆန် လိုအပ်တာပေါ့နော်။ မီဇိုရမ်ဘက် စစ်ဘေးရှောင်တွေဆိုရင် ကျွန်တော်အခု အဲဒီကနေ ပြန်လာတာ၊ လိုအပ်ချက်ကတော့ စားဝတ်နေရေးအဆင်မပြေဘူး။ နောက်ပြီးတော့ ဆေးဝါးအခက်အခဲကလည်းကြုံနေတယ်။ ဒီဘက်မှာ ဆိုရင် ကျန်းမာရေးက ကိုယ်ထူကိုယ်ထလုပ်နေရတဲ့အချိန်မှာ အလုပ်အကိုင်လဲမရှိ၊ ဝင်ငွေလဲမရှိတဲ့အခါကျတော့ တော် တော်လေး စိန်ခေါ်မှုဖြစ်နေရတဲ့ အနေအထားပေါ့နော်၊ ပြည်တွင်းရော ပြည်ပရော လိုအပ်ချက်ကအတူတူဖြစ်ပါတယ်။ ” ဟု ဆလိုင်းစိုးသန်းက ပြောသည်။

ထို့အပြင် ဆောင်းတွင်းကာလရောက်လာတော့မည်ဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ၊ ကလေးငယ်များအတွက် အနွေးထည်အင်္ကျီ၊ဘောင်းဘီ၊ စောင်၊ ခြင်ထောင် လိုအပ်ချက်များလည်းရှိနေပြီး ထောက်ပံ့ကူညီလှူဒါန်းပေးကြရန် ၎င်းက ဆက်ပြောသည်။

စစ်ဘေးရှောင်ပြည်သူအများစုမှာ ပလက်ဝမြို့နယ်အတွင်း ကျေးရွားများနှင့် ဆမီးမြို့ ( ပလက်ဝမြို့နယ် ) တွင် နေထိုင်ကြရပြီး နယ်အမြ လုံခြုံမှုမရှိခြင်း၊ တောင်ယာမလုပ်ကိုင် နိုင်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းတို့ကြောင့် နေ့စဉ်စားဝတ်နေရေး အခက်အခဲများရင်ဆိုင်နေကြရသည်။

အလားတူ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ပလက်ဝစစ်ဘေးရှောင်ပြည်သူများမှာလည်း အလုပ်အကိုင်မရှိ ခြင်း၊ လုံလောက်သော ထောက်ပံ့ကူညီမှုမရရှိခြင်းကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်ဟု သိရသည်။

“ စစ်ရှောင်တွေကတော့ အလုပ်အကိုင်မရှိဘူးပေ့ါ၊  နေ့စားလုပ်ပြီးမှ ရလာတဲ့ ပိုက်ဆံလေးနဲ့ သူတို့ဘဝကိုသူတို့စီမံနေရတဲ့ အနေအထားပေါ့။ မီဇိုရမ်ဘက်မှာဆိုရင်‌ ပံ့ပိုးပေးမယ့် အဖွဲ့အစည်းတွေကလဲ မယ်မယ်ရရမရှိဘူး။ ပြီးတော့ များများစားစား ပေးနိုင်တဲ့အခြေအနေမရှိဘူး။ ကိုယ့်ရဲ့ စားဝတ်နေရေးဖြစ်ဖြစ်၊ ကျန်းမာရေး‌ေစာင့်ရှောက်မှု ဖြစ်ဖြစ် ပညာရေးဖြစ်ဖြစ်ပေါ့ အကူအညီလိုအပ်တာတော့အမှန်ပဲ။ လတ်တလောမှာ အဆင်ပြေသလိုပဲ နေကြတယ် ” ဟု Paletwa IDPs and Humanitarian Supporting တာဝန်ခံက ပြောသည်။

ပလက်ဝစစ်ဘေးရှောင်ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များအား ပြည်တွင်းပြည်ပရှိ အလှူရှင်များမှ ကူညီထောက်ပံ့ပေးရန် Paletwa IDP and Humanitarian Supporting အဖွဲ့က မေတ္တာရပ်ခံတောင်းဆိုထားပြီး ကူညီထောက်ပံ့နိုင်သူများအနေဖြင့် ၎င်းတို့အား ဆက်သွယ်ကာ ထောက်ပံ့နိုင်ကြောင်း ကယ်ဆယ်ရေးတာဝန်ခံက ပြောသည်။

ပလက်ဝစစ်ဘေးရှောင်ပြည်သူများသည် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲစတင်ပြင်းထန် ခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသူများရှိသလို  ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက် တိုက်ပွဲပြင်းထန်ခြင်းကြောင့် ဘေးလွတ်ရာ ကျေးလက်ဒေသ၊ ပြည်မဘက်နှင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်း ရှောင်နေကြရခြင်းဖြစ်သည်။

တဘက်တွင်လည်း ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ယခင်ဈေးနှုန်းထက် ၄ ဆအထိ မြင့်တက်ခြင်းကြောင့် ပြည်သူများ စားဝတ်နေရေးပိုမိုခက်ခဲလာသည်ဟု ဒေသခံများက ဆိုကြသည်။

ပလက်ဝတွင် ဆန်ကြမ်းတစ်အိတ်- ၁၅၀,၀၀၀ ကျပ်၊ ငါးပိ တစ်ပိသာ -၂၀,၀၀၀ ကျပ်၊ ဆား တစ်ပိသာ- ၁၀,၀၀၀ကျပ်၊ အချိုမုန့် တစ်ပိသာ - ၃၀,၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိသာ-၄၀,၀၀၀ ကျပ်၊ ပရီမီယာကော်ဖီထုတ်ကြီးတစ်ထုတ်- ၃၀,၀၀၀ ကျပ်၊ အမဲသား တစ်ပိသာ -၂၀,၀၀၀ ကျပ်၊ ကြက်သား တစ်ပိသာ- ၃၀,၀၀၀ ကျပ်၊ ကြက်ဉ တစ်လုံး-၁,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိသာ - ၁၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိသာ - ၁၅၀၀၀ ကျပ်နှင့် ဓါတ်ဆီ တစ်ဂါလံ - ၅၅,၀၀၀ ကျပ် စသည်ဖြင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း သိရသည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...