ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံ Lai Villa ကို ချင်းပြည်အစိုးရတပ်ဖွဲ့သိမ်းပိုက်

ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံ Lai Villa ကို ချင်းပြည်အစိုးရတပ်ဖွဲ့သိမ်းပိုက်

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရ၏ တပ်ဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက အပြီးသတ်သိမ်းပိုက်လိုက်သည်ဟုသိရသည်။

ထန်တလန်မြို့ထဲ ဒုတိယအမြင့်ဆုံးတောင်ကုန်းနေရာမှာတည်ရှိသော Lai Villa တည်းခိုခန်းမှာ စစ်ကောင်စီတပ်ဖွဲ့များသည် အခိုင်အမာခြေကုပ်ယူတပ်စွဲထားကြပြီး ချင်းပြည်အစိုးရတပ်ဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၇ ရက်နေ့ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်ဟု  ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကပြောသည်။

“ စက်တင်ဘာလ ၁၆ ရက်မှာ စစ်ခွေး (စစ်သား)  ၃ ယောက် လက်နက် ၄ လက်နဲ့ ကျနော်တို့ဆီပူးပေါင်းလာတယ် အဲဒီပြီးခါမှ မနေ့ ကကျနော်တို့ကသွားချဉ်းကပ်ပြီးတော့ ဒရုန်းတွေနဲ့ဗုံးကြဲတော့ သူတို့ဆုတ်သွားတယ် ကျနော်တို့ သေနတ် ၅ လက် လောက်ပြန်ရတယ် အခုလိုင်ဗီလာက ကျနော်တို့ကစိုးမိုးထားတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

လိုင်ဗီလာတည်းခိုခန်းရှိသည့် နေရာသည် ထန်တလန်မြို့အတွင်းမှာ စစ်ကောင်စီတပ်စခန်း (ခလရ ၂၆၉ ) စခန်းကုန်းပြီးလျှင် ဒုတိယ အမြင့်ဆုံး တောင်ကုန်းဖြစ်ပြီး စစ်ရေးဗျူဟာအရ အချက်အချာကျသည့် နေရာဖြစ်ကြောင်းသိရသည်။

လိုင်ဗီလာကို မသိမ်းပိုက်ခင် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သား ၃ ဦး သည် လက်နက် ၄ လက်၊ ခဲယမ်းများနှင့် အတူ ချင်းပြည်အစိုးရထံအလင်းဝင်ရောက်ခဲ့ကြသည်။

ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရ အနေဖြင့် ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေး ကို ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ခဲ့ပြီး ထန်တလန်မြို့ပေါ်က ခလရ (၂၆၉) တပ်ကုန်းအပါအဝင် ဟားခါး- ထန်တလန် ကြားက စစ်ကောင်စီစခန်း ၈ ခုထက်မနည်းကို သိမ်းပိုက်ထားပြီဖြစ်သည်။

လက်ရှိ ထန်တလန်မြို့ထဲက NLD ရုံးဟောင်း၊ ရဲစခန်း နှင့် CB ဘဏ်အဆောက်အအုံ စသည့် ၃ နေရာမှာ စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ရယူတပ်စွဲထားကြဆဲဖြစ်ပြီး အင်အား ၁၀၀ ဝန်းကျင်သာရှိကြောင်းသိရသည်။

“ ဒီထန်တလန်မှာစစ်ကောင်စီမကင်းစင်သရွေ့ကတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ရှိပါတယ်၊ အခက်အခဲ တစ်ခုကတော့ ဟားခါးကနေ လက်နက်ကြီးနဲ့နေ့စဉ်နဲ့အမျှ ကျနော်တို့ရှိနိုင်မယ့်နေရာတွေကို ပစ်ကူတာတွေလုပ်နေတာပေါ့လေ” ဟု ဆလိုင်းထက်နီကပြောသည်။

ထန်တလန်မြို့ တိုက်တာအဆောက်အအုံဟောင်းများတွင် ခြေကုပ်ယူထားကြသော စစ်ကောင်စီတပ်ဖွဲ့များသည် ရိက္ခာ နှင့် လက်နက်ခဲယမ်းများ ပြတ်လပ်လာနေပြီး ချင်းပြည်အစိုးရတပ်ဖွဲ့ဘက်ကတော့ ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။

Most read this week

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...