အနန်းကွင်းနှင့် လွတ်ရှမ်းရွာသို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်နေ

အနန်းကွင်းနှင့် လွတ်ရှမ်းရွာသို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်နေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်းနှင့် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများမကျစေရေးအတွက် ဩဂုတ် ၁၉ ရက်နေ့တွင် စစ်ကောက်စီက လေကြောင်းစစ်ကူ အပြင်းအထန်ပြုလုပ် တိုက်ခိုက်လာသည်ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

ဩဂုတ် ၅ ရက်နေ့စတင်၍ အဆိုပါတပ်စခန်းများသို့ စစ်ကောင်စီဘက်က လေယာဉ်နှင့် လက်နက်၊ ခဲယမ်း၊ ရိက္ခာပို့ဆောင်ပေးပြီးနောက် စစ်ကောင်စီက ယခုလို လေကြောင်းပစ်ကူ ပစ်ခတ်တိုက်ခိုက်မှု အပြင်းအထန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ပြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ယခုလိုပြောသည်။

“မနေ့ကလည်း တစ်နေကုန်ပစ်တယ်။ လေယာဉ်လာပစ်တာ အခေါက်အများကြီးဘဲ။ လက်နက်ကြီးတွေလည်း ပစ်တယ်။ ဒီလောက်တောင်ပစ်တာ ထိခိုက်မှုတွေတော့ ရှိမယ်ထင်တယ်။ လမ်းမကြီးဘေးတစ်လျှောက်မှာ ပစ်တာ အသံတွေကတော်တာ်ကြီးတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အနန်းကွင်းနှင့် လွတ်ရှမ်းကျေးရွာများတွင် ယခုနှစ် မတ်လမှစတင်၍ တစ်ကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်လာပြီး ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကာ အနန်းကွင်းကျေးရွာအတွင်းရှိ လူနေအိမ်အလုံး ၃၀ ကျော် မီးလောင်ပျက်စီးသွားသလို လွတ်ရှမ်းကျေးရွာ ဘုန်းကြီးကျောင်းနှင့် ရွာခန်းမ အပါအဝင် လူနေအိမ်များ မီးလောင်ပျက်စီးခံရ ခြင်းရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အဲမှာရှိတဲ့အိမ်တချို့က လေယာဉ်ပစ်ခတ်တာတို့ လက်နက်ကြီးပစ်ခတ်တာကြောင့် မီးလောင်ပျက်စီးသွားတာ ရှိ တယ်။ ဒါပေမယ့် အဲဒီအနန်းကွင်းဗျူဟာအနီးမှာရှိတဲ့ နေအိမ်တွေ မီးလောင်ပျက်စီးတာကတော့ စစ်ကောင်စီ ဘက်က သူတို့ စခန်းကနေ အပြင်ကိုကြည့်ရင် မြင်ကွင်းရှင်းသွားအောင် တော်လှန်ရေး တပ်ဖွဲ့တွေအကာကွယ် ယူပြီးဝင်လာလို့မရအောင် အနီးနားနေအိမ်တွေကို မီးရှို့သွားတာတွေ ရှိတယ်” ဟု ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အနန်းကွင်း ကျေးရွာရှိ ဗျူဟာကုန်းစခန်းသည် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမပေါ်ရှိ အဓိကအရေးပါသည့် စခန်း တစ်ခုဖြစ်သလို အဆိုပါစခန်းကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ဝင်ရောက်တိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်နေသလို စစ်ကောင်စီက စခန်းမကျစေရေးအတွက် ယခုလိုလေကြောင်းစစ်ကူ တိုက်ခိုက်မှု အပြင်းအထန် လုပ်ဆောင်နေရခြင်း ဖြစ်သည်။

လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသည် ယခင်က KNLA တပ်ရင်း (၁၆) နယ်မြေလုံခြုံရေး စခန်းတစ်ခု ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် နယ်မြေဒေသလုံခြုံရေးကို အကြောင်းပြု၍ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲ နေထိုင် ခြင်းကြောင့် KNLA တော်လှန်ရေးတပ်ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်လာသည့်အတွက် ဒေသခံများ မလုံခြုံဖြစ်လာပြီး ရွာလုံးကျွတ်တိမ်းရှောင် ခဲ့ရသည်။

အဆိုပါစစ်ကောင်စီ လေကြာင်းပစ်ကူတိုက်ခိုက်မှု အပြင်းအထန်လုပ်ဆောင်နေသည့်အတွက် အနန်းကွင်း၊ လွတ်ရှမ်းအပြင် တညင်၊ ကျောက်ဘီလူးနှင့် သံပရာစသည့် အနီးနားကျေးရွာအများပြား ဒေသခံများ ထပ်မံ တိမ်းရှောင်နေရကြောင်း သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...