လုပ်အားခပိုရသည့် ကျားဖြန့်နှင့် ကာစီနိုဘက် သေ့ဘောဘိုးလုပ်သားများ ကူးပြောင်း

လုပ်အားခပိုရသည့် ကျားဖြန့်နှင့် ကာစီနိုဘက် သေ့ဘောဘိုးလုပ်သားများ ကူးပြောင်း

ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုး‌ကျေးရွာတွင် ယခုနှစ် ပြောင်းစိုက်ပျိုးသည့် ဧရိယာ များ ယခင်နှစ်များထက် လျော့နည်းလာသည်။

ထို့ကြောင့် ပြောင်းခင်းနေ့စား အလုပ်ကို အဓိက မှီခိုလုပ်ကိုင်နေသည့် ဒေသခံလုပ်သားအချို့မှာ လုပ်အားခ ပိုမိုရရှိသည့် ကာစီနိုနှင့် ကျားဖြန့်ဆက်စပ် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြကြောင်း ဒေသခံများနှင့် အလုပ်သမားများက ပြောသည်။

လက်ရှိ ဒေသတွင်း ပြောင်းစိုက်ပျိုးရေးလုပ်ငန်း၌ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး အပါအဝင် စိုက်ပျိုးရေး သွင်း အားစုစရိတ်များ အဆမတန် မြင့်တက်လာချိန်တွင် ပြောင်းစျေးနှုန်းများ ပြန်လည်ကျဆင်းနေသည်။

ထို့ကြောင့် တောင်သူအများစုမှာ ယခင်နှစ်များကဲ့သို့ တောင်ကုန်းနှင့် စိုက်ခင်းများကို အပြည့်အဝ မစိုက်ပျိုးနိုင် တော့ဘဲ တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြတော့သည်။

ထိုကဲ့သို့ ပြောင်းစိုက်ဧရိယာ လျော့နည်းလာခြင်းကြောင့် ဒေသခံလုပ်သားအချို့မှာ နေ့စားအလုပ်ရက် နည်းပါး လာပြီး ဝင်ငွေကျဆင်းလာသည်။

ထို့ကြောင့် ဒေသအတွင်း တိုးချဲ့တည်ဆောက်လာနေသည့် ကာစီနိုနှင့် ကျားဖြန့်ဆက်စပ်စီမံကိန်းများ၌ မဆလာ ဖျော်ခြင်း၊ ဘိလပ်မြေအိတ်ထမ်းခြင်း၊ မြောင်းတူးခြင်းစသည့် ဆောက်လုပ်ရေးအလုပ်များတွင် ပြောင်းရွှေ့ လုပ်ကိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ နေ့စား ပြောင်းလုပ်သားတစ်ဦးက “ဟိုတုန်းက ပြောင်းနေ့စားခက ၁၇၀၊ ၂၀၀ လောက်ပဲရတယ်။ ကာစီနိုဘက်မှာတော့ ၃၅၀ ပေးတယ်။ ယောကျာ်းတစ်ယောက်ဆို ၄၀၀ အထိပေးတော့ ပိုရတဲ့နေရာကို သွား လုပ်ကြတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ကာစီနိုနှင့် ကျားဖြန့်ဆက်စပ် ဆောက်လုပ်ရေးလုပ်ငန်းများက လုပ်အားခပိုမိုပေးနိုင်သဖြင့် လုပ်သား အများစုမှာ ထိုလုပ်ငန်းများဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်သွားကြသည်။ 

ထို့ကြောင့် ဒေသခံ ပြောင်းစိုက် တောင်ယာလုပ်ကိုင်သူများမှာ လုပ်သားငှားရမ်းရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း နောက်ထပ် ဒေသခံတောင်သူတစ်ဦးက ရှင်းပြသည်။

“ဒီနှစ်မှာ မစိုက်တဲ့သူတွေ အများကြီးရှိတယ်။ ကုန်ကျစရိတ်လည်း များတယ်။ နေ့စားသမားလည်း ရှားတယ် ဆိုတော့ တစ်နိုင်တစ်ပိုင်ပဲ လုပ်ကြတော့တယ်။ အခု နေ့စားခေါ်လို့မရတော့ ကိုယ်တိုင်ပဲ လုပ်ရတယ်။ ကာစီနို ဘက်က လုပ်အားခ ပိုပေးတော့ လုပ်သားတွေ အဲဒီဘက်ကိုပဲ သွားကြတယ်။ ကိုယ့်ဘက်မှာတော့ အဲ့ဒီလောက် မပေးနိုင်ဘူး။ ကိုယ့်လူရင်းတချို့နဲ့ပဲ လုပ်ရတာပေါ့။”

ယခုကဲ့သို့ လုပ်သားရှားပါးလာမှုကြောင့် ယခင်က ၃ ရက်ခန့်အတွင်း ပြီးစီးနိုင်သည့် ပြောင်းစိုက်လုပ်ငန်းများမှာ ယခုအခါ ကိုယ်တိုင်လုပ်ကိုင်နေရသဖြင့် ၁၀ ရက်ခန့်အထိ ကြာမြင့်လာကြောင်း ပြောင်းစိုက်ပျိုးသူများက ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ်က ပြောင်းဈေးနှုန်း မကောင်းခဲ့သဖြင့် တောင်သူအချို့မှာ စိုက်ပျိုးရေးအကြွေးများ မကျေ သေးသည့်အပြင် ကုန်ကျစရိတ်များ ဆက်လက်မြင့်တက်ခဲ့သည်။

ယခုနှစ်တွင် သီးနှံဈေးနှုန်းများ ပြန်လည်မတက်လာပါက လာမည့်နှစ်တွင် ပြောင်းစိုက်ပျိုးမည့် တောင်သူဦးရေ ပိုမိုလျော့နည်းလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

လက်ရှိတွင် သေ့ဘောဘိုးဒေသအတွင်း ကာစီနိုနှင့် ကျားဖြန့်ဆက်စပ်စီမံကိန်းများ တိုးပွားလာပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ၊ လမ်းဘေးဆိုင်ခန်းများ၊ မြေဈေးနှုန်းများနှင့် မော်တော်ယာဉ် အသွားအလာ များလည်း သိသိသာသာ တိုးမြင့်လာနေသည်။

ထို့ပြင် လုပ်ငန်းရှင်များက ဒေသခံပိုင်မြေများကို ဈေးကောင်းပေး၍ ဝယ်ယူနေသဖြင့် အချို့ဒေသခံများမှာ မိမိတို့၏ ပြောင်းစိုက်ခင်းများကို ထုတ်ရောင်းခြင်းများ ရှိနေသည်။

လတ်တလော သေ့ဘောဘိုးဒေသတွင် ကျားဖြန့်ဆက်စပ်လုပ်ငန်းများ အတွက် မြေဧက ၃၀ ခန့် အသုံးပြုကာ အဆောက်အအုံများကို ဆက်လက် တည်ဆောက်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

July 16, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း တိုက်ပွဲနယ်မြေအတွင်းသို့ ကျွံဝင်သွားသည့် ဆယ်ကျော်သက် ကလေးငယ်...
July 16, 2026
စစ်တပ်အနေဖြင့် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုများအားလုံး ကို...
July 15, 2026
ယခု ဇူလိုင်လ ၆ ရက်နေ့က နေပြည်တော်၌ အာဏာသိမ်း စစ်အုပ်စု၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်...
July 15, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး-မင်းလက်ပံလမ်းပိုင်းကို အခြေစိုက်ထားသည့် KNLA နှင့်...