မြဝတီတိုက်ပွဲနယ်မြေအတွင်း ဆယ်ကျော်သက် အပါအဝင် အရပ်သား ၇ ဦး ပျောက်ဆုံးနေ

မြဝတီတိုက်ပွဲနယ်မြေအတွင်း ဆယ်ကျော်သက် အပါအဝင် အရပ်သား ၇ ဦး ပျောက်ဆုံးနေ

ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်း တိုက်ပွဲနယ်မြေအတွင်းသို့ ကျွံဝင်သွားသည့် ဆယ်ကျော်သက် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ၇ ဦးမှာ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲပြင်းထန်နေသည့် အဆိုပါနယ်မြေအတွင်းသို့ ရောက်ရှိသွားပြီးနောက် ယနေ့အထိ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်များ က ပြောသည်။

ဖြစ်စဉ်မှာ ရာမတီး (မြဝတီ) မြို့နယ်၊ ဝါးမီထကျေးရွာက ဒေသခံလူငယ်အမျိုးသား ၇ ဦးသည် မြဝတီမြို့အနီးရှိ မဲကနယ်-ဖလူးတောလမ်းပိုင်း (ဒေသအခေါ် ရဲကုန်းနှင့် လယ့်အော်ခါ့လမ်းပိုင်း) တွင် တိမ်းမှောက်နေသည့် ကားတစ်စီးကို ထွန်စက်ဖြင့် သွားရောက်ဆွဲကူရန် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ထွက်ခွာသွားပြီး နောက် နေအိမ်သို့ ပြန်လည်ရောက်ရှိမလာဘဲ အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်သည်။

အမည်မဖော်လိုသူ မိသားစုဝင်တစ်ဦးက “အဲ့မှာက မိုးတွင်းဆို လမ်းတအားပျက်တယ်။ အဲ့ဒီမှောက်သွားတဲ့ ကားကို သွားဆွဲမယ်ဆိုပြီး ဝါးမီထမှာ တစ်ညပြန်လာအိပ်သေးတယ်။ ပြီးမှ မနက်မိုးလင်းလို့ ထမင်းစား သောက်ပြီးမှ ထွန်စက်နဲ့ ၇ ယောက်သား သွားကူကြတာပေါ့။ အဲ့ဒီနေ့ သွားကတည်းက အဆက်အသွယ် မရတော့ဘူး။ သူတို့သွားတဲ့ရက် ၁၀ ရက်နေ့က စစ်တပ်စစ်ကြောင်းက အဲ့မှာရောက်နေပြီဆိုတာကို သူတို့ မသိ လိုက်ဘူးဖြစ်မယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပျောက်ဆုံးနေသည့် ဝါးမီထ ဒေသခံအရပ်သား ၇ ဦးမှာ အသက် ၁၄ နှစ်အရွယ် စောခါးခါး၊ အသက် ၂၀ အရွယ် စောစိန်ကုလားနှင့် စောသန်းဇော်လင်း၊ အသက် ၂၁ နှစ်အရွယ် စောအောင်ငြိမ်းချမ်း၊ အသက် ၃၄ နှစ်အရွယ် စောမော်တော်ကား (ခေါ်) စောကျော်ဝင်းနိုင်၊ အသက် ၄၆ နှစ်အရွယ် စောမောင်အေးသောင်းနှင့် အသက် ၂၇ နှစ်အရွယ် ကားသမားဖြစ်သူ ကိုထားဝယ် တို့ဖြစ်ကြကြောင်း မိသားစုဝင်များက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် ဇူလိုင်လ ၁၀ ရက်နေ့မှာပင် ဖလူး-မင်းလက်ပံသို့ စစ်ကြောင်းထိုးနေသည့် စစ်တပ် သည် ၎င်းရဲကုန်းဒေသအထိ ဝင်ရောက်နေရာယူထားပြီး ဖြစ်သောကြောင့် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ပြီ ဟုလည်း ဒေသခံအချို့က ယူဆနေကြသည်။

သို့သော် ပျောက်ဆုံးနေသူများသည် အသက်ရှင်လျက် ရှိနေသေးသည်ဟု မိသားစုဝင်များဘက်က မျှော်လင့်နေ ဆဲဖြစ်ပြီး နီးစပ်ရာ ဒေသအာဏာပိုင်များထံမှ တစ်ဆင့် လိုက်လံစုံစမ်းသော်လည်း လက်ရှိအချိန်အထိ သတင်း အစအနတစ်စုံတစ်ရာ မရရှိသေးပေ။

ထို့ပြင် အဆိုပါ အရပ်သားများကို စစ်တပ်က သတ်ဖြတ်ပြီးနောက် PDF တပ်ဖွဲ့ဝင်များဖြစ်သည်ဟု စွပ်စွဲကာ ဝါဒဖြန့်မှုများ ပြုလုပ်ထားကြောင်း People’s Spring မီဒီယာတွင် ဇူလိုင် ၁၄ ရက်နေ့က ဖော်ပြထားသည်။

ဇူလိုင်လ ၇ ရက်နေ့ စစ်တပ် စစ်ကြောင်းမထိုးမီ ကတည်းက ယခုဖြစ်စဉ်ဖြစ်ပွားသည့် လမ်းပိုင်းမှာ အရပ်သား ကားများ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အဓိကအသုံးပြုနေသည့် တောလမ်းကြောင်းတစ်ခု ဖြစ်သည်။

လက်ရှိမိုးတွင်းကာလတွင် လမ်းများ ပျက်စီးနေသောကြောင့် ထိုလမ်းပိုင်း၌ ပိတ်မိနေသည့် ကုန်တင်ကား အများ အပြား ရှိနေကြောင်း ဒေသတွင်းအခြေအနေကို သိရှိသူများက ပြောသည်။

အဆိုပါလမ်းပိုင်းကို ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကတည်းက မြဝတီဘက်မှလာသည့် ယာဉ်များ ကို ဖြတ်သန်းခွင့်မပြုတော့သလို နယ်မြေခံ ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်ကလည်း လုံခြုံရေးအရ သွားလာခွင့် တားမြစ်ပိတ်ပင်ထားသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ထိုလမ်းပိုင်း၌ပင် စက်ပျက်နေသည့် အရပ်သား ကားတစ်စီးကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များက ကူညီပေးနေစဉ် စစ်တပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သဖြင့် DKBA တပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

လက်ရှိတွင် မြဝတီတောင်ဘက်ခြမ်းရှိ နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်တပ်က နယ်ခြားစောင့်တပ် (BGF) နှင့် ဗိုလ်ဘိဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တို့၏ အကူ အညီကိုရယူကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး၊ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တို့နှင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

July 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုး‌ကျေးရွာတွင် ယခုနှစ် ပြောင်းစိုက်ပျိုးသည့် ဧရိယာ များ...
July 16, 2026
စစ်တပ်အနေဖြင့် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုများအားလုံး ကို...
July 15, 2026
ယခု ဇူလိုင်လ ၆ ရက်နေ့က နေပြည်တော်၌ အာဏာသိမ်း စစ်အုပ်စု၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်...
July 15, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး-မင်းလက်ပံလမ်းပိုင်းကို အခြေစိုက်ထားသည့် KNLA နှင့်...