စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများသည် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ အကြောက်တရားနှင့် ခြိမ်းခြောက်မှု များကိုသာ အခြေခံထားကြောင်း ကရင်အမျိုးသားအစည်းအရုံး - KNU ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အစိုးရသစ် ရက် ၁၀၀ ပြည့်မည့် ဇူလိုင် ၃၁ ရက်မတိုင်မီ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်မထိုးရသေးသည့် အဖွဲ့များကိုပါ
ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် စစ်ခေါင်းဆောင်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိနေသော်လည်း လက်တွေ့တွင် တိုင်းရင်းသား လက် နက်ကိုင်များ အပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ပြည်သူလူထုကို သတ်ဖြတ်ခြင်းများ ဆက်လက် လုပ် ဆောင်နေကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။
“များသောအားဖြင့်ကတော့ ငြိမ်းချမ်းရေး အလုပ်တွေမဟုတ်ဘူး။ ပြည်သူကို သတ်ဖြတ်၊ ခြောက်လှန့်တာ၊ အင်အားနည်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ခြိမ်းခြောက်အကြပ်ကိုင်တာတွေပဲ။ ဒီ ရက် ၁၀၀ အတွင်းမှာ သူတို့ ရည်မှန်းချက်မပြည့်သေးရင် နောက်ထပ် ရက် ၁၀၀ အထိလည်း ဒါတွေကိုထပ်လုပ်မှာပဲ။ ရက် ၁၀၀ ပြည့်သွားသည့်တိုင်အောင် ပြည်တွင်းထဲမှာ ဒီလို သတ်ဖြတ်မှုတွေက ဆက်လုပ်နေအုံးမှာပဲ။”
စစ်တပ်၏ ငြိမ်းချမ်းရေးဖော်ဆောင်ညှိနှိုင်းမှုကော်မတီ (NSPNC) သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြောက် ပိုင်း EAO အဖွဲ့များနှင့် အချို့သော ကရင်လက်နက်ကိုင် အဖွဲ့များကိုပါ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) အပါအဝင် အဖွဲ့များနှင့် ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအတွက် ဆွေးနွေးခဲ့ကြသည်။
PC ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွှန့်က “တွေ့ဆုံမှုက တစ်ဖွဲ့ချင်း ဖိတ်ခေါ်တဲ့အပေါ် သွားရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။ ထူးထူးခြားခြား အစီအစဉ်မရှိဘဲ ဒေသ တည်ငြိမ်ရေးနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို ဘယ်လိုပြန်လည်စတင်နိုင်မလဲဆိုတဲ့ အမြင်တွေကို အပြန်အလှန် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
သို့သော် တစ်ဖက်တွင်လည်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေများဖြစ်သည့် တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်နှင့် တပ်မဟာ (၆) ဒူးပလာယာခရိုင်တို့၌ စစ်တပ်က မြေပြင်ထိုးစစ်များနှင့် လေကြောင်း တိုက် ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
စစ်အုပ်စု ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွင် KNU၊ CNF နှင့် ABSDF စသည့် အဖွဲ့များကို နာမည် တပ်၍ ဇူလိုင်လကုန်အထိ အချိန်ပေးထားပြီး သဘောတူညီမှုမရှိပါက လုပ်သင့်လုပ်ထိုက်သည်များကို ဆောင် ရွက်မည်ဟု ခြိမ်းခြောက်ထားခြင်းကြောင့် စစ်ရေးတင်းမာမှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာ သူများက သုံးသပ်နေကြသည်။







