ထန်တလန်မြို့သိမ်းတိုက်ပွဲ Tilim စစ်ဆင်ရေး ၄ ကို ဆက်လက်ဖော်ဆောင်နေ

ထန်တလန်မြို့သိမ်းတိုက်ပွဲ Tilim စစ်ဆင်ရေး ၄ ကို ဆက်လက်ဖော်ဆောင်နေ

ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲကို Tilim စစ်ဆင်ရေး - ၄ အဖြစ် ဖော်ဆောင်နေပြီး ချင်းပြည်အစိုးရ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“စကစ (စစ်ကောင်စီ) က မြို့တွင်း ခံစစ်ကောင်းတဲ့ နေရာတွေကနေ ခုခံနေကြတယ်၊ မြို့တွင်း နေ့စဉ် ပစ်ခတ်မှု ရှိနေသေးတယ်၊ ဂျက်ဖိုက်တာနဲ့ ပစ်ကူသလို ဟားခါးကနေ စစ်ကူ ပို့နိုင်ဖို့ ကြိုးစားနေကြတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဇူလိုင်လ ၂၂ ရက်မှ စတင်၍ ယနေ့အထိ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များသည် ဟားခါး- ထန်တလန်ကြားက လုံခါရ်နှင့် အော်တိုတောင်ပေါ်မှ စစ်ကောင်စီစခန်းများနှင့် ထန်တလန်မြို့တို့ကို တပြိုက်နက် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ရာ ဟားခါး -ထန်တလန်ကြားက စစ်ကောင်စီစခန်းများနှင့် ထန်တလန်မြို့ပေါ်က အဓိက စခန်းကုန်း ခလရ - ၂၆၉ တို့ကို သိမ်းထားပြီး ဖြစ်သည်။

စစ်ကောင်စီသည် ထန်တလန်မြို့ မကျစေရေးအတွက် မြို့ပေါ်နေရာတချို့တွင် ခံစစ်အခိုင်အမာပြင်ဆင်၍ ခုခံတိုက်ခိုက်နေ ခြင်းဖြစ်ပြီး ဟားခါးမြို့မှ စစ်ကူများ ပို့နိုင်ရေးလည်း ကြိုးစားနေကြောင်း ဆလိုင်းထက်နီက ပြောသည်။

Tilim အော်ပရေးရှင်း - ၄ ကို ဆက်လက်ဖော်ဆောင်နေရာ မကြာမှီတွင် ထန်တလန်မြို့ကို ချင်းပြည် အစိုးရတပ်များ သိမ်းနိုင် မည်ဟု ဆလိုင်းထက်နီက Voice of Chinland နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

“အခုလက်ရှိ ချင်းပြည်အစိုးရတပ်ဖွဲ့ဝင်တွေအနေနဲ့ ထန်တလန်မြို့သိမ်းရေးဆိုပြီးတော့ Tilim အော်ပရေးရှင်း - ၄ ကို ဖော်ဆောင်နေတာဖြစ်ပါတယ်။ အဲဒီမှာ မကြာမှီမှာ ပြည်သူလူထုက သတင်းကောင်း ကြားရမှာပါ။ ကြားနိုင်အောင်လည်း ကျနော်တို့က အစွမ်းကုန် တိုက်ပွဲဝင်သွားပါမှာဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့သိမ်း တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်နေစဉ် CNA နှင့် CDF - ဟားခါးပူးပေါင်းတပ်သည် ရုန်တောင်စစ်ဆင်ရေးအဖြစ် ဟားခါးမြို့စည်ပင်ဧရိယာထဲက စစ်ကောင်စီစခန်း Keivaangzuan ကို ယမန်နေ့က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နှင့် သီမစ်လွင်ပြင်ကြားက Keivaangzuan စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ၁၀ ဦးသေဆုံးပြီး လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဟားခါး- ထန်တလန်ကြားက စစ်ရေးအရ အရေးပါသည့် C3 စခန်းနှင့် အော်တိုတောင်စခန်းများကို ပြန်လည်သိမ်းနိုင်ရေးအတွက် စစ်ကောင်စီတပ်များသည် လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်မှုများလည်း ဩဂုတ်လ ပထမပတ်က ပြုလုပ် နေခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်၊ တီတိန်းနှင့် ဖလမ်းမြို့တို့တွင် စစ်ကောင်စီတပ်စခန်းများ ကျန်ရှိနေသေးကြောင်း သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...