လမ်းပိုင်းပျက်စီးမှုတွေကြောင့် ပူတာအိုဒေသမှာ ကုန်ကားအဝင်မရှိဘဲ ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး ပြတ်လပ်မှုရှိလာ

လမ်းပိုင်းပျက်စီးမှုတွေကြောင့် ပူတာအိုဒေသမှာ ကုန်ကားအဝင်မရှိဘဲ ကုန်ဈေးနှုန်းတွေ မြင့်တက်ပြီး ပြတ်လပ်မှုရှိလာ

မြစ်ကြီးနား - ပူတာအို ကားလမ်းပိုင်း နေရာတချို့ ပြိုကျပျက်စီးမှုတွေရှိတဲ့နောက် ပူတာအို ဒေသမှာ ကုန်ကားအဝင်မရှိဘဲ ကုန်ဈေးနှုန်းတွေမြင့်တက်ပြီး ပြတ်လပ်နေတယ်လို့ သိရပါတယ်။

ဇွန်လကုန်ပိုင်းက မိုးကြီးရေလျှံပြီး လမ်းပိုင်းနေရာတချို့ ပျက်စီးမှုဖြစ်သွားတဲ့နောက် ပြုပြင်မှုတွေရှိနေပေမဲ့ လတ်တလောအချိန်ထိ ပူတာအိုဒေသထဲကို ကုန်ကားဝင်ရောက်မှု မရှိသေးဘူးလို့ ပူတာအိုမြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"ကုန်စည်စီးဆင်းမှုက မရှိသေးဘူး။ အခု လောလောဆယ်က ဘာကားမှ မလာသေးဘူး။ တဖြည်းဖြည်းတက်လာတာ အခုက ကုန်မရှိလေဈေးနှုန်းတက်လေလေပဲ။ အခုဘယ်လောက်ထိ ထပ်တက်ဦးမလဲတော့ မသိဘူး။" လို့ ဆိုပါတယ်။

ဇွန်လအစောပိုင်းက ကားအကန့်အသတ်ဝင်လာတဲ့နောက် တစ်အိတ် တစ်သိန်းခွဲထိ ဈေးကျသွားတဲ့ ဆန်တစ်အိတ်ဟာလည်း လက်ရှိမှာတော့ တစ်အိတ်ကို နှစ်သိန်းခြောက်သောင်း ဝန်းကျင်လောက် ဈေးပြန်ပေါက်နေတယ်လို့ ဆိုပါတယ်။

ဆန်လုံးဝပြတ်လပ်သွားတာတော့ မဟုတ်ပေမဲ့ ဆိုင်တချို့မှာ အနည်းအကျဉ်းသာ ရှိတာဖြစ်ပြီး လမ်းပိတ်နေတုန်းက ဈေးနှုန်းအခြေအနေလောက်ထိ မရှိသေးပေမဲ့ တဖြည်းဖြည်း မြင့်တက် လာနေတယ်လို့ သိရပါတယ်။

စက်သုံးဆီဆိုင်တွေလည်း တလောက အကန့်အသတ်နဲ့ရောင်းချပေးတာရှိပေမဲ့ ဒီနောက်ပိုင်း ရောင်းချတာမရှိတော့သလို လမ်းဘေးဈေးဆိုင်တွေမှာတော့ တစ်လီတာရှိတဲ့ တစ်ပုလင်းကို နှစ်သောင်းလောက် ဈေးရှိနေတယ်လို့ ဆိုပါတယ်။

မိုးတွင်းကာလ မကုန်ခင်နဲ့ တောင်ယာစပါးတွေ မရိတ်သိမ်းနိုင်ခင်အထိ ကားလမ်း အခြေအနေမကောင်းသေးရင်တော့ ပူတာအိုဒေသမှာ အစစအရာရာ ပိုပြီး ခက်ခဲလာနိုင်တယ်လို့ လည်း ဆက်လက်ပြောပါတယ်။

"မိုးအကုန်ထိတော့ ကားလမ်းမပေါက်ရင်တော့ တော်တော်အခက်ခဲဖြစ်သွားနိုင်တယ်။ အစစ အရာရာ ကုန်ဈေးနှုန်းကအစလေနော်။ မိုးတွင်းကုန်လို့ရှိရင်တော့ ကားလမ်းမပေါက်ရင်တောင် စားစရာလေးတွေတော့ တောင်ယာတွေကနေ ရနိုင်မယ့်အခြေအနေရှိတယ်။"  လို့ဆိုပါတယ်။

မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းဟာ တိုက်ပွဲအခြေအနေကြောင့် ပြီးခဲ့တဲ့ မတ်လ ပထမ အပတ်ကတည်းက ပိတ်သွားခဲ့တာပါ။ လမ်းပိတ်ပြီး ကုန်စည်စီးဆင်းမှုတွေမရှိလို့ ပြတ်လပ်မှုတွေ ကြုံနေရတာ သုံးလနီးပါးကြာတဲ့နောက် ဇွန်လ ၈ ရက်နေ့မှာတော့ နှစ်ဖက်အဖွဲ့အစည်းက ကုန်ကားတွေကို စိစစ်ပြီး အကန့်အသတ်နဲ့ သွားခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ပူတာအိုဒေသကို ကုန်ကားတွေ အကန့်အသတ်နဲ့ သွားလာခွင့်ရနေတဲ့အချိန် ဇွန်လကုန်ပိုင်းက မိုးကြီးရေလျှံပြီး လမ်းပိုင်းပျက်စီးသွားတဲ့အတွက် လတ်တလောအချိန်ထိ ကုန်ကားတွေ သွားလာနိုင်ဖို့ ကြန့်ကြာနေရတာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...