အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးနေသည်ဟု ဆိုသော်လည်း မြေပြင်တွင် ယင်းလုပ်ငန်းများမှာ ပိုမိုကြီးထွားလာနေဆဲဖြစ်ကြောင်း ဒေသခံ များက ပြောသည်။
စစ်အုပ်စုဘက်က ရွှေကုက္ကိုလ်နှင့် ကေကိုက် (KK Park) နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းများ လည်ပတ်ရာ တွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးကို ဖြိုချဖျက်ဆီးမည်ဟု ကြေညာထားခဲ့ပြီး၊ ၎င်းတို့အနက် ၇၂ လုံး ကို ဖျက်ဆီးပြီးဖြစ်ကာ ကျန်ရှိသည်မှာ ငါးလုံးသာရှိတော့ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထား သည်။
သို့သော် ဒေသခံများကမူ ယင်းမှာ “အယောင်ပြ ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်း” သာဖြစ်ပြီး လူသူမရှိတော့သည့် အဆောက်အအုံများကိုသာ ဖျက်ဆီးခြင်းဖြစ်ကာ လက်ရှိ လည်ပတ်နေဆဲ လုပ်ငန်းနေရာများကို မမြင်ချင်ယောင် ဆောင်ထားကြသည်ဟု ဆိုသည်။
ရွှေကုက္ကိုလ်မြို့ခံတစ်ဦးက “အသစ်တွေတောင် ထပ်တိုးလာသေးတယ်။ အရင်က လူတောင်မရှိတဲ့ တောကြီး ဟိုးကျောက်ဖျာ ၄ တို့ အဲ့ဒီလိုဘက်တွေမှာတောင် ဆိုက်အသစ်တွေ လုပ်နေတာ။ တည်းခိုခန်းတွေ၊ အဆောင် တွေ အကုန်ပြည့်။ လမ်းတွေပေါ်ကနေ ကြည့်လိုက် တာလပတ်အမဲစတွေ အစိမ်းစတွေ ကာထားရင် အဲ့ဒါ သူတို့ (ကျားဖြန့်) ပဲ” ဟု ပြောသည်။
မဇ္ဈိမသတင်းဌာနက ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများအတွက် အွန်လိုင်းမှတစ်ဆင့် ရှာဖွေနေသည့် အလုပ်ခေါ်စာများကို လေ့လာကြည့်ရာတွင်လည်း ဇူလိုင်လ ၂၄ ရက် ညနေပိုင်းအထိ အလုပ်ခေါ်စာများ မပြတ် တင်နေကြသည်ကို တွေ့ရှိရသည်။
လက်ရှိတွင် ရွှေကုက္ကိုလ်မြို့နှင့် အနီးတစ်ဝိုက်ရှိ လူနေအိမ်များ၊ အထပ်မြင့် အဆောက်အအုံများ၊ ဟိုတယ်နှင့် တည်းခိုခန်းများတွင်ပါ ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေပြီး အဆောက်အအုံအသစ်များလည်း ထပ်မံတိုးချဲ့ ဆောက်လုပ်နေကြသည်။
ထို့ပြင် ရွှေကုက္ကိုလ်ဒေသတွင်းသို့ သာမန်အရပ်သားများ၏ အဝင်အထွက်ကို တင်းကျပ်ထားသော်လည်း ကျားဖြန့်လုပ်သား အသစ်များမှာမူ နေ့စဉ်ဝင်ရောက်နေဆဲ ဖြစ်သည်။
ထို့ပြင် စစ်အုပ်စုနှင့် ဇူလိုင် ၉ ရက်က တွေ့ဆုံခဲ့သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) သည် လည်း ကျောက်ခတ်ဒေသ မတည်ငြိမ်သဖြင့် ထိုဒေသမှ လုပ်ငန်းများကို ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်နယ်မြေ၊ ရွှေတောင်နီဘက်သို့ ပြောင်းရွှေ့ခိုင်းနေသည်။
ဆုံဆည်းမြိုင်ရွာခံတစ်ဦးကလည်း “နှစ်စတုန်းက မြေရှင်းထားတဲ့နေရာလေ၊ အခုက လုံးဝ အဆောက်အအုံတွေ ဆောက်နေကုန်ပြီ။ ဆုံဆည်းမြိုင် မှာက ရွာထဲမှာကတော့ ဖူးရွှေဝအိမ်တို့ တခြား သူတို့လူကြီးတွေ အိမ်လောက် ပဲ ကျားဖြန့်တွေရှိတယ်။ ရွာပတ် ပတ်လည်ကတော့ ကျားဖြန့်သက်သက်ပဲ” ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်ဘက်ခြမ်းရှိ ယခင်ကျားဖြန့်လုပ်ငန်းများ အခြေချရာ ရွှေကုက္ကိုလ်၊ ဧက ၁၀၀၊ သစ်ကတေ၊ ဖားကလူး၊ ကျောက်ခတ်၊ ဆုံဆည်းမြိုင်နှင့် မြဝတီတို့အပြင် လက်ရှိတွင် အွန်လိုင်း ငွေလိမ် လုပ်ငန်း များသည် ကရင်ပြည်ဘက်ခြမ်းမှတစ်ဆင့် မယ်လဘက်သို့ သွားသည့်လမ်းကြောင်းပေါ်တွင်ပါ တိုးချဲ့ လုပ်ကိုင် နေကြပြီ ဖြစ်သည်။







