KTV ၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကို မူဝါဒနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်ဖို့ ကရင်နီပြည်က အရပ်ဖက်အဖွဲ့အစည်းတွေ တောင်းဆို

KTV ၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကို မူဝါဒနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်ဖို့ ကရင်နီပြည်က အရပ်ဖက်အဖွဲ့အစည်းတွေ တောင်းဆို

ကရင်နီပြည်တွင်းရှိ အရပ်ဖက်အဖွဲ့အစည်း ပေါင်း (၂၀)ကနေ လက်ရှိဖြစ်ပေါ်နေတဲ့ ကရင်နီပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး သဘောထား၊ တောင်းဆိုချက်တွေကို ယမန်နေ့ (မေလ ၂၀ရက်)မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီအထဲမှာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေအပါအဝင် လက်ရှိ ကရင်နီပြည်တွင်းမှာ ဖွင့်လှစ်နေတဲ့ KTVတွေ ကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)နဲ့ လက်နက်ကိုင်အင်အားစုတွေကနေ မူဝါဒနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့ လောင်းကစားတွေကြောင့် လူ့အခွင့်ရေး ချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ နဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုတိုးလာနိုင်တဲ့အတွက် စနစ်တကျ မူဝါဒနဲ့ အရေးယူပေးဖို့ တောင်းဆိုရခြင်းဖြစ်တယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ မူဝါဒတွေကို အမြန်ဆုံးချပြီးတော့မှ လက်တွေ့ အကောင်ထည်ဖော်ဖို့ တောင်းဆို တာတွေလည်းဖြစ်တယ်။ မြေပြင်မှာ ကျယ်ကျယ်ပြန့်ပြန့် မူးယစ်ဆေးဝါးတွေကတော့ သုံးစွဲတယ်၊ ရောင်းတယ်ဆိုပေမယ့် ဥပမာ_ KSPအနေနဲ့ ဆိုလို့ရှိရင်တော့ သူတို့ဖက်ကလည်း လှုပ်ရှားကြပါတယ်။ အဓိက မူးယစ်ဆေးဝါးသုံးစွဲသူကို ဖမ်းတဲ့ကိစ္စ စစ်ဆေးတဲ့ကိစ္စ အသိပညာပေးတဲ့ဟာတွေလည်း လုပ်တယ်ဆိုပေမယ့် ထိရောက်မှုအားကောင်းဖို့ကလည်း ကျမတို့ ဆက်လုပ်ဖို့လိုနေတဲ့အပေါ်မှာ လည်း ဒါတွေကို ပိုပြီးတော့မှ အားကောင်းကောင်းနဲ့ စနစ်တကျ မူဝါဒ နဲ့ ချပြီးတော့မှ အကောင်ထည်ဖော်ဖို့ ပြီးလို့ရှိရင် ချိုးဖောက်မှုရှိနေတယ်ဆိုရင် အရေးယူနိုင်ဖို့ကို ဆိုလိုတာဖြစ်တယ်ပေါ့နော။ “ လို့ သူက ပြောပါတယ်။

ဒါ့အပြင် KTV ဖွင့်လှစ်မှုတွေမှာလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ မဖြစ်အောင် ကြိုတင် ကာကွယ်တဲ့အနေနဲ့ စည်းကမ်းနဲ့အညီ စနစ်တကျ ဖွင့်လှစ်ဖို့လိုအပ်ပြီး ချိုးဖောက်မှုတွေ ရှိလာရင် မူဝါဒနဲ့အညီ ဆောင်ရွက်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ လည်း သူက ဆက်ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မူဝါဒ ချမှတ်ထားတာတွေ မရှိသေးပေမယ့် ပေါင်းစပ်ညှိနှိုင်း အဖြေရှာရမယ့် ကိစ္စတွေဖြစ်တယ်လို့လည်း IEC အတွင်းရေးမှူး (၂) ဦးဗညား က ဆိုပါတယ်။

“ မူးယစ်ဆေးဝါးလို့ပြောရင် အရမ်းကို ကျယ်ပြန့်ပါတယ်။ အရက်၊ ဘီယာ ကိုပဲပြောတာလား ဆေးပြားကို ပြောတာလား နောက်ပြီး‌တော့ လောင်းကစားတွေ ပါနိုင်တယ်။ ဘိန်းစိုက်တာတွေပါနိုင်တယ်။ ပြီးတော့မှ ဆေးခြောက်ပါ မကျန်ပေါ့နော။ အဲ့တာ တစ်ခုချင်းစီအတွက်က ကျနော်တို့က ဥပဒေတွေ မူဝါဒအသစ်တွေ သီးသန့် ထွက်ဖို့လိုအပ်တာပေါ့။ ခြုံပြီးတော့မှ ထွက်လို့မရတာတွေရှိတယ်။ နောက်ပြီးတော့မှ KTV ဆိုတဲ့ဟာတွေက ဥပ‌ဒေကြောင်းအရ ထုတ်ပြန်မှုတွေ ရှိရမှာပေါ့နော်။ အဲ့တော့ အခုချိန်ထိတော့ အဲ့ဟာနဲ့ ပတ်သက်ပြီး ဆက်စပ်တဲ့ မူဝါဒဖြစ်စေ ဥပဒေဖြစ်စေ ကျနော်တို့ပြည်နယ်မှာ အသက်မဝင်နိုင်သေးတဲ့ အခြေအနေမှာရှိတာပေါ့။ အဲ့တာကြောင့်မလို့ ဒီဟာက သေချာ ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ သေချာ ညှိနှိုင်းပြီး ကိုင်တွယ်ရမည့် လုပ်ငန်းစဥ်ဖြစ်ပါတယ်" လို့ ဦးဗညားက ပြောပါတယ်။

ထိုင်းနိုင်ငံတစ်နေရာမှာ (၃)ရက်ကြာ ဆွေးနွေးပွဲ တစ်ရပ်လုပ်ဆောင်ပြီး လူငယ်၊ အမျိုးသမီးအဖွဲ့နဲ့ ကဏ္ဍအလိုက် ကျန်းမာရေး၊ ပညာရေး၊ Humanitarian အဖွဲ့ စတာတွေ ပါဝင်တဲ့ အရပ်ဖက် အဖွဲ့အစည်း (၂၀)ကနေ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကရင်နီပြည် အခြေအနေတွေအပေါ် ရပ်တည်ချက်သဘောထားတွေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်ထဲမှာ ကရင်နီပြည်ရဲ့ အခြေအနေတချို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ IECကို အချက် (၆)ချက် တောင်းဆိုထားပါတယ်။

IEC အနေနဲ့ လုပ်ငန်းဖော်ဆောင်ရာမှာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူထုတွေနဲ့ တွေ့ဆုံဖို့၊ အမျိုးသမီးနဲ့ ကလေးတွေအပေါ် အကြမ်းဖက်မှုမှ ကာကွယ်တဲ့ လုပ်ငန်းတွေ အလေးထားဆောင်ရွက်ပေးဖို့၊ ဒေသန္တရအုပ်ချုပ်ရေး ယန္တရားတွေကို ပီပြင်စွာ ဖော်ဆောင်ဖို့၊ အရပ်သားဘေးကင်းလုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ ကြားကာလအစီအမံမှာ ချမှတ်ထားတဲ့မူအရ အမျိုးသမီး (၃၀)ရာခိုင်နှုန်းပါဝင်မှုကို လက်တွေ့ ဖော်ဆောင်ဖို့၊ KTV၊ မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကို မူဝါဒနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်ဖို့ စတဲ့ အချက်တွေ ဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ်။

Most read this week

June 14, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက် နဲ့ ကျေးရွာတချို့မှာ ပြန်လာနေထိုင်ကြတဲ့ ဒေသခံတချို့ကို...
June 13, 2024
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ငွေကြေးရန်ပုံငွေ...
June 10, 2024
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ဖွဲ့စည်းပြီး တစ်နှစ်တာအတွင်းမှာ ပြည်သူလူထုနဲ့...
June 7, 2024
လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်ရပ်ကွက်ရှိ ဈေးမှာ စစ်ကောက်စီလက်အောက်ခံဝန်ထမ်း နှစ်ဦးဟာ ပြီးခဲ့တဲ့...