လေးလအတွင်း ရခိုင်ဒေသတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀၀ ကျော်ရှိ

လေးလအတွင်း ရခိုင်ဒေသတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀၀ ကျော်ရှိ

ရခိုင်ဒေသတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်ထိ လေးလတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၈၇ ခုနှင့် အကြိမ်ရေ ၄၀၉ ကြိမ်ရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ မေလ ၂၁ ရက်တွင် ထုတ်ပြန်သည်။

လေးလတာအတွင်း မြန်မာနိုင်ငံတဝန်းတွင် စစ်ကောင်စီ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ် ၈၁၉ ခုနှင့် အကြိမ်ရေ ၂,၅၆၇ ကြိမ်ရှိခဲ့သည့်အထဲ ရခိုင်တွင် ၄၀၉ ကြိမ်ဖြင့် ပစ်ခတ်မှုအကြိမ်ရေ အများဆုံးဖြစ်သည်။

လေကြောင်းပစ်ခတ်မှုဖြစ်စဉ် အများဆုံးဒေသအဖြစ် ရခိုင်တွင် ၁၈၇ ခု၊ စစ်ကိုင်းတွင် ၁၁၉ ခု၊ ကချင်တွင် ၉၂ခု၊ ကရင်တွင် ၉၁ ခုနှင့် ရှမ်း (မြောက်) တွင် ၈၀ ခုထိရှိခဲ့သည်။ ယင်းအပြင် ရှမ်း(တောင်)တွင် ၆၉ ခု၊ ချင်းတွင် ၅၉ ခု၊ ပဲခူးတွင် ၂၉ ခု၊ ကရင်နီတွင် ၂၆ ခု၊ တနင်္သာရီတွင် ၂၄ ခု၊ မွန်တွင် ၁၇ ခု၊ မကွေးတွင် ၁၇ ခုနှင့် မန္တလေးတွင် ၉ ခုရှိခဲ့ကြောင်း ထုတ်ပြန်သည်။

“အဲဒီလေးလအတွင်း စစ်ကောင်စီကကျုးလွန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၈၁၉ ခုရှိခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်ရက်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အနည်းဆုံး ၆ ခုရှိခဲ့တယ်” ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဆိုသည်။

နိုင်ငံတဝန်းတိုက်ပွဲများတွင် အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် လေကြောင်းကို အဓိကအသုံးပြု၍ ပြည်သူများဒုက္ခရောက်အောင် ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ပြောဆိုနေကြသည်။

“ ကြည်းတပ်အင်အား အလုပ်မဖြစ်တဲ့အခါမှာ စစ်ကောင်စီအနေနဲ့ ပြည်သူတွေကိုပဲ မဲပြီးတော့ လေယာဉ်နဲ့ ပစ်တာတွေ၊ အဝေးကလက်နက်ကြီးနဲ့ပစ်တာ တောက်လျှောက်လုပ်နေတယ်။ ပြည်သူကိုအကြပ်ကိုင်ပြီးတော့ အနိုင်တိုက်မယ်ဆိုတဲ့ နည်းဗျူးဟာတစ်ခုပေါ့” ဟု နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။  

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် လေးလအတွင်း အရပ်သားသေဆုံးသူ (၃၅၉) ဦး၊ ဒဏ်ရာရရှိသူ (၇၅၆) ဦး ရှိခဲ့သည့်အပြင် အနည်းဆုံး ဘာသာရေးအဆောက်အအုံ (၅၀) ခု၊ စာသင်ကျောင်း (၃၈) ကျောင်းနှင့် ဆေးရုံဆေးခန်း (၁၁) ခုထိ ထိခိုက်ပျက်စီးခဲ့ကြောင်း ဉာဏ်လင်းသစ်အဖွဲ့မှ ထုတ်ပြန်ထားသည်။ ယင်းအပြင် ပြည်သူပိုင်နေအိမ်၊ ယာဉ်၊ ကျွဲနွားတိရစ္ဆာန်နှင့် စိုက်ခင်းများ ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိခဲ့သည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်တွင် အရပ်သားများနေထိုင်ရာ မြို့/ရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေသည်။

မေလ ၂၂ ရက် နံနက်ပိုင်းက မင်းပြားမြို့နယ်၊ ခေါင်းလောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်ခဲ့၍ ရဟန်းတစ်ပါးနှင့် စစ်ဘေးရှောင် ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ မေလ ၂၁ ရက်ကလည်း မောင်တောမြို့နယ်ရှိ ရွှေဗဟို၊ ဗောဓိကုန်းနှင့် ငွေတောင်ကျေးရွာများကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် အရပ်သား ၁၀ ကျော် သေဆုံးဒဏ်ရာရရှိခဲ့သည်။

“လေယာဉ်တွေ နေ့တိုင်းပျံနေတယ်။ ပြီးရင် သူတို့(စစ်ကောင်စီ)က မထင်ရင်မထင်သလို ပစ်ခတ်တာတွေရှိတော့ ညဆိုရင်လည်း အိပ်မပျော်ဘူး။ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရတယ်” ဟု ရခိုင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...