ဖူ့ချိမူစခန်းမှ ဒုရင်းမှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး KNLA ထံ လက်နက်ချအညံ့ခံ

ဖူ့ချိမူစခန်းမှ ဒုရင်းမှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး KNLA ထံ လက်နက်ချအညံ့ခံ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ  ဖူ့ချိမူ (ဖိုးချိမှူး) တပ်စခန်းရှိ ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသည် မေလ ၁၉ ရက်နေ့က ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ PDF ပူးပေါင်းတပ်ထံ လက်နက်ချအညံ့ခံခဲ့သည်ဟု နယ်မြေခံ တာဝန်ရှိသူထံမှ သိရသည်။

လအတန်ကြာ ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့်ဖူ့ချိမူစစ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးသည် မေလ ၁၉ ရက် နံနက်ပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးပြီးနောက် ဒုတပ်ရင်းမှူး ရန်အောင်အပါအဝင် တစ်ဦးအပါအဝင် ၄၈ ဦးမှာ KNLA တပ်ဖွဲ့ထံ လာရောက်လက်နက်ချအညံ့ခံပြီး အယောက် ၃၀ ကျော်ထွက်ပြေး ကာ စခန်းထဲတွင် အယောက် ၂၀ ကျော် သေဆုံးသည်ဟု မြေပြင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ အဲဒီထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေက မနေ့က ထိုင်းဘက်ကို ၂ ယောက်ပဲဝင်တယ်။ ကျန်တာ တွေက နယ်စပ်နဲ့ မနီးမဝေးမှာပဲရှိနေမယ်၊ ပျောက်နေဆဲပဲ။ သူတို့စခန်းစွန့်ခွာတဲ့အချိန်မှာ စခန်းမှာရှိတဲ့ ၁၂၀ မမနဲ့ ၆၀ မမလက်နက်ကြီးတွေတော့ သူတို့ဖျက်ဆီးထားလိုက်တာရှိတယ်။ ပြီးတော့ ကျန်တဲ့အယောက် ၄၀ ကျော် ကတော့ ဟိုနေ့က မနက်(၅)နာရီလောက်မှာ KNLA ထံ လာပြီးလက်နက်ချတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

စခန်းမှ ထွက်ပြေးသွားသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သည် ထွက်ပြေးသွားရာ လမ်းတစ်လျှောက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဒေသခံ အရပ်သား ၄ ဦးကို အကြောင်းမဲ့ ပစ်သတ်သွားခဲ့သေးကြောင်း၊ လက်ရှိတွင် ထိုင်းနယ်စပ်တစ်နေရာ၌ ရောက်ရှိနေပြီး ယမန်နေ့မေလ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံပိုင် နက်ထဲသို့  ၂ ဦးသာ ဝင်ရောက်သွားခဲ့ကြောင်း ၎င်းနယ်မြေခံ တာဝန်ရှိသူက ဆက်ပြောသည်။

တပ်အင်အား ၁၀၀ ခန့် တပ်စွဲနေထိုင်သည့် ဖူ့ချိမူ(ဖိုးချိမှူး)စစ်ကောင်စီတပ်စခန်းသည် ၁၉၉၇ ခုနှစ်ကတည်းက လာရောက်အခြေချတပ်စွဲနေထိုင်သည့် တပ်စခန်းတစ်ခုဖြစ်ပြီး ၂၀၂၁ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသ တွင်းကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒေသခံအရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူနေအိမ် များအား မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံရွာသားတစ်ဦးက “ဖူ့ချိမူစခန်းကျသွားတော့ တော်တော်ဝမ်းသာတယ်။ ဒီစခန်းမကျမချင်း စိတ်မချရဘူး ။  ဘာဖြစ်လဲဆိုတော့ ဒီဘက်နယ်ဘက်မှာ အဲဒီစခန်းတစ်ခုပဲ ကျန်တော့တယ်။ ကျိုက်ဒုံစခန်းသိမ်းကတည်းက ဒေသခံတွေ နေအိမ်စွန့်ခွာပြီးထွက်ပြေးတာ ဒီစခန်းမကျရင် ပစ်ခတ်မှုရှိအုံးမယ်ဆိုတော့ အခြေအနေကြည့်ပြီး အိမ်ပြန်တာပေါ့။ အခုတော့ရသွားပြီးဆိုတော့ စိတ်အေးသွားပြီး။ ဒါပေမယ့်လောလောဆယ်တော့ လွတ်သွားတဲ့ စစ်တပ်တွေရှိတော့ အဲဒီလူတွေဘယ်ရောက်ပြီးလဲ မသိဘူးကြောက်နေကြတယ်”ဟု  ကေအိုင်စီသို့ ပြောသည်။

ဖူ့ချိမူတပ်စခန်းသည် ထိုဒေသတွင် နောက်ဆုံးကျန်ရှိသည့် တပ်စခန်းဖြစ်၍ အနီးအနားရှိ အခြားစခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ ၎င်းတပ်စခန်းနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီး တပ် ရိက္ခာနှင့် လက်နက်ခဲယမ်းမီးကျောက်များကို ထောက်ပို့လေယာဉ်များဖြင့်သာ လာရောက်ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

ဖူ့ချိမူစခန်း မြောက်ဘက်ရှိ ကျိုက်ဒုံမြို့ အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆၆) ဦးလက်နက်ချ အညံ့ခံခဲ့သလို   ရေတလျောက်စခန်း၊ မယ်သရောခီးစခန်းနှင့် ကွီးလုံတိုင် စခန်းများကိုလည်း KNLA ဘက်မှ သိမ်းပိုက်ရရှိထားခဲ့ပြီဖြစ်ကြောင်း သိရသည်။

April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...