တကျော့ပြန် ကချင်တိုက်ပွဲ ၁၂ နှစ်ပြည့် စစ်ရှောင်အမျိုးသမီးများ၏ အသံများ

တကျော့ပြန် ကချင်တိုက်ပွဲ ၁၂ နှစ်ပြည့် စစ်ရှောင်အမျိုးသမီးများ၏ အသံများ
မြစ်ကြီးနားမြို့ Trinity စစ်ရှောင်းစခန်း
မြစ်ကြီးနားမြို့ Trinity စစ်ရှောင်းစခန်း

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ခဲ့သော ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲသည် ယနေ့တွင် ၁၂ နှစ်ပြည့်ပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် စစ်ရှောင်အများစုမှာ နေရပ်မပြန်သေးသလို နေရပ်ပြန်သောပြည်သူများသည် လည်း ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့မှုအများအပြားလိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရစဉ် မှ လက်ရှိချိန်ထိကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဆုံးရှုံး နစ်နာမှုများနှင့် ပတ်သက်ပြီး ကချင်ဒေသအသီးသီးမှ စစ်ရှောင်အမျိုးသမီးများ၏ မတူညီသော အသံများကို စုစည်းမေးမြန်းထားပါသည်။

ချီဖွေ စစ်ရှောင်စခန်း မှ အမျိုးသမီးတစ်ဦး

“ကျွန်မတို့ ဒီ ၁၂ နှစ်အတွင်း ကိုယ့်နယ်မြေမဟုတ်တဲ့အတွက် အခက်အခဲတွေကတော့ အများကြီးကြုံရတယ်၊ နေရာထိုင်ခင်း အဆင်မပြေတာရှိတယ်၊ စားဝတ်နေရေးအတွက် စိုက်ခင်းတွေလုပ်စားဖို့ကလည်း ကိုယ်ပိုင်တာ ဘာမှ မရှိဘူးလေ၊  အခုနောက်ပိုင်းဆို ကုန်ဈေးနှုန်းတွေ တက်လာတဲ့အတွက် ဝယ်စားဖို့လည်း ခက်လာတယ်၊ ကျွန်မတို့လည်း နေရပ်ကို အရမ်းပြန်ချင်နေပြီဟုတ်တယ်။”

မံစီ စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦး

“စပြီးတော့ စစ်ရှောင်လာကတည်းက ဘာမှ မသယ်လာနိုင်ခဲ့ဘူး၊ ကိုယ်လွတ်ရုန်းပြီးပဲ ပြေးလာခဲ့ရတာ အိမ်က နေ ဘာမှ သယ်မလာနိုင်ဘူး၊ ဘယ်လိုတွေ ဖြတ်သန်းလာခဲ့ရတယ်ဆိုတာတောင် မပြောပြတတ်ဘူး သူများဆီက ပိုက်ဆံချေးပြီး ကလေးတွေကို ကျောင်းထားခဲ့ရတယ်၊ တကယ်လို့ နေရပ်ပြန်လို့ရမယ်ဆိုရင် နေအိမ်တွေ ဆောက်ယူချင်တယ်၊ ရေမီးအစုံနဲ့။”

ကွတ်ခိုင်၊ နမ့်ဖက်ကာ စစ်ရှောင်စခန်းမှ အမျိုးသမီး

“ကျွန်မတို့ စစ်ရှောင်စခန်းမှာဘဲ နေတာကြာလာတဲ့အတွက် ကျွန်မတို့ကလေးတွေ လူငယ်တွေကပညာရေးပိုင်း မှာ စိတ်၀င်စားမှု နည်းလာတယ်၊ စစ်ကောင်စီကဖွင့်တဲ့ကျောင်းမှာလည်း မတက်ချင်ကြဘူး၊  အသင်းတော် က ဖွင့်တဲ့ နေရာမှာ တက်ဖို့ကလည်း ငွေကြေးမတက်နိုင်ပြန်ဘူး။ အဲ့လိုမျိုးအခက်အခဲတွေရှိတယ်၊ ကျွန်မတို့ နေ ရပ်မှာလည်း မပြန်တာကြာတော့ ချုံတွေထူနေပြီ ပြန်ရင်လည်း အစကနေပြန်လုပ်ရမယ်၊ ကျွန်မတို့က စားဝတ် နေရေးအတွက် စိုက်ခင်းကိုတစ်နိုင်တပိုင် လုပ်ကြတယ်လေ၊ နိုင်ငံရေးတွေပြန်ကောင်းရင်တော့ အရမ်းပြန် ချင် တယ်။”

မြစ်ကြီးနား၊ ပလန စစ်ရှောင်ရွာမှ အမျိုးသမီး

“ကျွန်မတို့က ဘာတွေဘဲဖြစ်ဖြစ် သူများတွေနဲ့ ရင်ဘောင်မတန်းနိုင်တဲ့အတွက် အခက်အခဲတွေ အများကြီး ရှိတယ်။ ပညာဆက် မသင်တော့တဲ့ လူငယ်တွေနဲ့ မိခင်တော်တော်များများ စစ်ရှောင်စခန်းမှာဘဲ ကလေးတွေကို ကြည့်ပြီး နေတာဆိုတော့ စားဝတ်နေရေးအတွက် တစ်နိုင်တပိုင်လုပ်နိုင်မဲ့ အမြင်ဖွင့်သင်တန်း‌တွေ အသက်မွေး ဝမ်းကြောင်းနဲ့ ပက်သတ်တဲ့ သင်တန်းတွေ ဖွင့်ပေးစေချင်တယ်။”

Most read this week

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...