စစ်ကောင်စီက ချင်းပြည်နယ်တွင် ၂ လအတွင်း ဗုံးအလုံး ၁၂၀ ကျော်ကြဲချ၊ အရပ်သား ၂၄ ဦးသေဆုံး

စစ်ကောင်စီက ချင်းပြည်နယ်တွင် ၂ လအတွင်း ဗုံးအလုံး ၁၂၀ ကျော်ကြဲချ၊ အရပ်သား ၂၄ ဦးသေဆုံး

ခုခံတော်လှန်စစ် အားကောင်းသော ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က မတ်လနှင့်ဧပြီလအတွင်း တိုက် လေယာဉ်အပါအဝင် လေကြောင်းမှ ဗုံးအလုံးရေ ၁၂၀ ကျော်ကြဲချခဲ့ရာ အရပ်သား ၂၄ ဦးအပါအဝင် CNA ရဲဘော် ၂ ဦး သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၂ လအတွင်းမှာ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ မင်းတပ် စသည့် မြို့နယ် ၄ မြို့နယ်တို့တွင် တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံး ၁၂၁ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မေလ ၈ ရက်နေ့ က CNF က ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက "တကယ်တော့ အဲ့ဒီလို တိုက်လေယာဉ်တွေ ပိုသုံးလာတာက သူ့မှာ မြေပြင်အင်အားက ချိနဲ့နေပြီလို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့် အဆုံးစွန် လေကြောင်း ကို အသုံးပြုလာတာပေါ့နော်” ဟု ပြောသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာ ၄ ရွာတွင် ဗုံး ၂၂ လုံးကျော် ကြဲချခဲ့ပြီး ကျန်ဗုံး ၉၉ လုံးမှာ ကျေးရွာအနီးအနားတွင် ကျရောက်ခဲ့ခြင်း ဖြစ်သည်ဟု CNF က ဆိုသည်။

မတ်လ ၃၀ ရက်နေ့က ထန်တလန်မြို့နယ် ခွါဖိုးကျေးရွာ၊ ဧပြီလ ၁၀ ရက်နေ့မှာ ဖလမ်းမြို့နယ် ဝေဘူလမြို့၊ ဧပြီလ ၁၆ ရက်နေ့တွင် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ပန်းပါကျေးရွာနှင့် ဧပြီလ ၂၇ ရက်နေ့မှာ ထန်တလန် မြို့နယ် တလန်လိုကျေးရွာတို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့၏ ၂ လအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား တပ်မတော် CNA ရဲဘော် ၂ ဦး အပါအဝင် ချင်းပြည်သူ ၂၄ ဦးသေဆုံးခဲ့သည်။

ထို့အပြင် ချင်းပြည်သူ ၃၃ ဦး ထိခိုက်ဒဏ်ရာရများ အသီးသီး ရခဲ့သည်ဟု CNF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၄ ဆောင် အပါအဝင် လူနေအိမ်အလုံး ၅၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...