ရခိုင်အခြေစိုက် DMG က သတင်းထောက်လူငယ်တစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြင့်ကွယ်လွန်

ရခိုင်အခြေစိုက် DMG က သတင်းထောက်လူငယ်တစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြင့်ကွယ်လွန်

စစ်တွေမြို့ အခြေစိုက် Development Media Group  သတင်းဌာနတွင် လုပ်ကိုင်နေသော သတင်းထောက် လူငယ်တစ်ဦးဖြစ်သူ  ကိုနိုင်လင်းအောင် (၂၅ နှစ်)သည် ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်က ဆိုင်ကယ်မတော်တဆဖြစ်ရာမှ ကွယ်လွန်သွားကြောင်း သိရသည်။

ကိုနိုင်လင်းအောင်သည်  DMG သတင်းဌာနတွင် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်းသိရသည်။

၎င်းသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၄ ရက်၊ ညည့် ၉ နာရီကျော်ခန့်တွင် စစ်တွေမြို့ ကွန်ပျူတာ တက္ကသိုလ်ရှေ့တွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားခဲ့မှုကြောင့် ဦးနှောက်အတွင်း ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့ညတွင် စစ်တွေဆေးရုံတွင် ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြောင်းသိရသည်။

နောက်တစ်နေ့ ဖေဖော်ဝါရီ ၅ ရက်၊ နေ့လယ်  ၂ နာရီကျော်ခန့်တွင် ရန်ကုန်သို့ အရေးပေါ်ကားဖြင့် ယူဆောင်သွားရာ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ခရီးလမ်း၌ သေဆုံးသွားခဲ့သည်။

ကိုနိုင်လင်းအောင်၏သေဆုံးမှုအတွက် ၎င်း၏မိခင်အဖွဲ့အစည်းဖြစ်သည့် DMGသတင်းဌာနကလည်း ဝမ်းနည်းကြောင်းထုတ်ပြန်ချက်ကို ယနေ့ ထုတ်ပြန်ထားသည်။

"Development Media Group – DMG သတင်းဌာန၏ သတင်းထောက်တစ်ဦးဖြစ်သူ ကိုနိုင်လင်းအောင် အသက် (၂၅)နှစ်သည် ဆိုင်ကယ် မတော်တဆမှုဖြစ်ပွားကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီ ၂၀ အချိန်ခန့်တွင် ကွယ်လွန်သွားခဲ့သဖြင့် ကျန်ရစ်သူ မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း၊  ကိုနိုင်လင်းအောင်သည် DMG သတင်းဌာနကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဝင်ရောက်ခဲ့ကာ သတင်းမီဒီယာ လုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းဖော်ပြထားသည်။

၎င်းပြင်   ဓကိုနိုင်လင်းအောင် ကွယ်လွန်သွားခြင်းသည် မိခင်အဖွဲ့အစည်းဖြစ်သော မိမိတို့ DMG သတင်းဌာနနှင့် သတင်းမီဒီယာလောကအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ပင်ဖြစ်ကြောင်း၊ ကောင်းရာဘုံဘဝ ရောက်ပါစေကြောင်း နှင့် ပြည်သူများကို သတင်းအတတ်ပညာဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခဲ့သည့် ကိုနိုင်လင်းအောင်၏ လုပ်ဆောင်ခဲ့မှုများကို DMG အနေဖြင့် အစဉ်အမြဲ မှတ်တမ်းတင်အပ်ပါသည်။" ဟုထုတ်ပြန်ထားသည်။

လက်ရှိအခြေအနေအရ ရခိုင်သတင်းထောက်တစ်ဦးဖြစ်ရန် မလွယ်ကူသည့်အချိန်တွင် သတင်းထောက်လူငယ်တစ်ဦး ဆုံးရှုံးသွားရသည့်အတွက် ရခိုင်သတင်းမီဒီယာလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သည့် ဆရာသားရွှေဦးက နိရဉ္စရာသို့ပြောသည်။

"အခုလို အခြေအနေတွေမှာ သတင်းသမားလုပ်မဲ့သူရှားတယ်။ ဒီလိုသတင်းသမားလုပ်မဲ့ သူရှားတဲ့အခြေအနေမှာ ဒီလို သတ္တိရှိရှိနဲ့ မြေပြင်အခြေအနေတွေကို အမှန်ကိုအမှန်အတိုင်း ရေးနိုင်၊ ပြောနိုင်တဲ့သတင်းထောက်တွေ အများကြီးလိုအပ်တယ်။ ဒီလိုလိုအပ်တဲ့အချိန်မှာ အခုလို သတင်းထောက်လူငယ်တစ်ယောက် ရခိုင်သတင်းထောက်တစ်ယောက်အနေနဲ့ဖြစ်ဖို့ဆိုတာ အလွန်တရာမှရှားပါးတယ်။ ဒီလိုလူငယ်တစ်ယောက် အခုလိုဆုံးသွားတဲ့အတွက် ရခိုင်သတင်းမီဒီယာအတွက် အလွန်တရာမှဆုံးရှုံးမှုဖြစ်တယ်။ ဘာလို့လည်းဆိုတော့ သတင်းတစ်ယောက်ဖြစ်လာဖို့မလွယ်အချိန်မှာ သတင်းထောက်တစ်ယောက် ဆုံးရှုံးသွားတာဟာ အလွန်တရာမှဝမ်းနည်းဖွယ်ရာကောင်းပါတယ်" ဟုပြောသည်။

DMG သတင်းထောက် ကိုနိုင်လင်းအောင်အား ဖေဖော်ဝါရီလ ၇ ရက်၊ မွန်းလွဲ  နှစ်နာရီတွင် စစ်တွေမြို့အာကျိတ်တော်ကုန်း သုသာန်၌ သဂြိုလ်သွားမည်ဖြစ်ကြောင်းသိရသည်။

July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...