နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ထားသော်လည်း ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့နေ၍ ရေနေသတ္တဝါများနှင့် ရှားပါးငှက်မျိုးစိတ်များအတွက် စိုးရိမ်စရာဖြစ်လာ

နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ထားသော်လည်း ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့နေ၍ ရေနေသတ္တဝါများနှင့် ရှားပါးငှက်မျိုးစိတ်များအတွက် စိုးရိမ်စရာဖြစ်လာ

နိုင်ငံတကာ ရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့် မေယုမြစ်၀ရှိ နံ့သာကျွန်းကို နိုင်ငံတော်၏ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားသော်လည်း စစ်ကောင်စီ အစိုးရဌာနဆိုင်ရာများမှ ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းနေသဖြင့် ၎င်းကျွန်းပေါ်နှင့် အနီးဝန်းကျင်တွင် ကျက်စားနေသည့် ရေနေသတ္တဝါများနှင့် ရှားပါးငှက်မျိုးစိတ်များအတွက် စိုးရိမ်စရာဖြစ်နေကြောင်း သတင်းရရှိသည်။

နံ့သာကျွန်းသည် ဂေဟစနစ်ကောင်းမွန်ပြီး တိရစ္ဆာန်များအတွက် အစာရေစာပြည့်လျှံ ပေါများသည့်အတွက် တစ်ကမ္ဘာလုံး၌ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိနေသော ရေညှောင့်နှုတ်ဝိုင်းငှက် ဒုတိယအများဆုံး လာရောက်ဆောင်းခိုလေ့ရှိသည့်အပြင် နှုတ်တိုရှည်ငှက်နှင့် နော်မန်ခြေစိမ်းငှက် အစရှိသော ရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် ဌာနေငှက်များအပါအဝင် ပင်လယ်လိပ်မျိုးများ၊ ရခိုင်လင်းပိုင်များ၊ ရေနေသတ္တဝါများလာရောက်ကျက်စားကြသည်ဟု သိရသည်။

ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ကိုရန်နောင်စိုးက “လက်ရှိမှာ နံ့သာကျွန်း ဧရိယာအတွင်းမှာ ငှက်ဖမ်းမှု၊ ကျားပိုက်ချမှုတွေကြောင့် ကျွန်းကို လာရောက် ဆောင်းခိုတဲ့  ရှားပါးငှက်မျိုးစိတ်တွေ၊ ပင်လယ်လိပ်တွေ နေ့စဉ်နဲ့ အမျှ သေဆုံးနေရပြီး စက်ကြီး၊ သင်္ဘောကြီးတွေနဲ့ သဲတူးမှုတွေကြောင့်လည်း သန္တာကျောက်တန်းတွေနဲ့ ကျွန်းဧရိယာ ဆုံးရှုံးမှုများရှိနေပါတယ်”  ဟု ပြောသည်။

၎င်းပြင် ကျွန်းပေါ်တွင် ဒီရေတောများရှိသည့်အတွက် ထင်းခုတ်မှုများ မရှိအောင်လည်း  ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်ပြီး ရေဝပ်ဒေသနယ်မြေတစ်ခု မပျက်စီးအောင်ကာကွယ်သင့်သည်ဟု ပြောသည်။

"ဘယ်အဖွဲ့အစည်းကမှလည်း ဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်ပြီး ဥပဒေအရ ဆောင်ရွက်မှုတွေ၊ ထိမ်းသိန်းကာကွယ်တာတွေမရှိပါဘူး။ ဒီအတိုင်းသာဆို ဒီကျွန်းက ပျက်စီးသွားနိုင်ပါတယ် "ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြား မေယုမြစ်၀တွင် တည်ရှိသည့် အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခံထားရသည်မှာ တစ်နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း နံ့သာကျွန်းကို ထိန်းသိမ်းစောင့်ရှောက်မှုတစ်စုံတစ်ရာမရှိသေးကြောင်း ကိုရန်နောင်စိုးက ဆက်လက် ပြောသည်။

"တကယ်က အစိုးရက တရားဝင် အဏ္ဏဝါအမျိုးသားဥယျာဉ်လို့ သတ်မှတ်လိုက်တယ်ဆိုတာနဲ့ သူတို့မှာ တာဝန်ရှိသွားပြီ။ အဓိကဝန်းကျင် သားငှက်က တာဝန်ရှိတယ်။ ညွှန်ကြားချက်တွေထုတ်ပြီး သူတို့ ကွင်းဆင်းရမယ်။ နယ်မြေပိုင်းခြား သတ်မှတ်တာတွေ၊ အုတ်တိုင်စိုက်တာတွေလုပ်လာရမယ်။ စသည်ဖြင့် လုပ်ငန်းစဉ်တွေအများပြီးရှိတယ်ပေါ့။ သူတို့မှာ သတ်မှတ်လိုက်ပြီဆိုတာနဲ့ လုပ်ပေးဖို့ တာဝန်ရှိတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ တစ်ခုမှမလုပ်ပေးသေးဘူး။ ကျနော်တို့ကတော့ တက်နိုင်သလောက်လုပ်နေကြတာပဲပေါ့"ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်၊ သစ်တောဦးစီးအရာရှိ ဦးသန်းမင်းအေးကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ နယ်နမိတ် သတ်မှတ်မှုကို စတင်ဆောင်ရွက်ရန် စီစဉ်နေသည်ဟု ပြောကြားသည်။

" အခုက ဘယ်လိုပြောမလဲ။ တာဝန်ပိုင်းအနေနဲ့ ဥယျာဉ်အုပ်ချုပ်ရေးမှူးတို့ ဘာတို့တော့ မထားနိုင်သေးဘူးပေါ့။ ဒါပေမယ့် နံ့သာကျွန်းကိုတော့ အမျိုးသားဥယျာဉ်အဖြစ် ဆောင်ရွက်ဖို့ အပြီးသတ်နယ်နိမိတ်လုပ်ငန်းတွေဆောင်ရွက်ဖို့ ပြင်ဆင်နေတာပေါ့။ ဘယ်နေရာကတော့ နံ့သာကျွန်းဧရိယာထဲပါဝင်တယ်။ ဘယ်နေရာကတော့ မပါဝင်ဘူး။ ဒါမျိုးတွေအများပြည်သူသိဆောင် အောင်ရွက်ဖို့ပြင်ဆင်နေပါတယ်။  နောက်ပြီး နယ်နိမိတ်အတိုင်းအတာနဲ့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့ပြင်ဆင်နေပါတယ်"ဟု ပြောသည်။

နံ့သာကျွန်းသည် ရေမြေဧက ၂၂,၉၇၉ ဧကကျယ်ဝန်းပြီး စစ်တွေမြို့နယ်၏ အနောက်မြောက်ဘက် (၁၀)မိုင်အကွာ၊ မေယုမြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်ကြား ရသေ့တောင်မြို့နယ်အပိုင်တွင် တည်ရှိသည်။

နံ့သာကျွန်းကို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ရက်စွဲ နှင့် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် နံ့သာကျွန်းသည် ရေဝပ်ဒေသအချက် ၆ ချက်ဖြင့်ပြည့်စုံသည့်အတွက် ကမ္ဘာအနှံ့အပြားမှ ရေဝပ်ဒေသများကို ထိန်းသိမ်းကာကွယ်ရန်ဖွဲ့စည်းထားသည့် Ramsar အဖွဲ့၏ ရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၁ ရက်တွင် သတ်မှတ်ခြင်းခံထားရသော ကျွန်းတစ်ကျွန်းဖြစ်သည်ဟုလည်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...