မြောက်ဦးကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးကိစ္စ UNESCO က ဆက်သွယ်ဆောင်ရွက်လာခြင်း မရှိတော့ဟုဆို

မြောက်ဦးကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးကိစ္စ UNESCO က ဆက်သွယ်ဆောင်ရွက်လာခြင်း မရှိတော့ဟုဆို

ရခိုင်ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် (UNESCO) စာရင်းဝင်ရန် မြန်မာစစ်ကောင်စီဘက်က ဆောင်ရွက်စရာများ ရှိသည်များကို ဆက်လက်ဆောင်ရွက်နေသော်လည်း ယခုနောက်ပိုင်းတွင် UNESCO ဘက်က ပြန်ဆက်သွယ်လာခြင်း မရှိတော့ကြောင်း သိရသည်။

မြောက်ဦးမြို့ကို UNESCO စာရင်းဝင်ရန် မြောက်ဦးရှေးဟောင်းသုတေသနဌာနက လူထုကို အသိပညာပေးမှုများနှင့် UNESCO ဘက်မှ တာဝန်ရှိသူများလာရောက်ပါကလည်း စာတွေ့၊ လက်တွေ့နှင့် မြေပြင်ကွင်းဆင်းအစစ်အဆေးခံရန် ပြင်ဆင်လျက်ရှိသော်လည်း UNESCO ဘက်မှ တစ်စုံတစ်ရာအကြောင်းပြန်ကြားမှုမရှိတော့ကြောင်း UNESCO စာရင်းဝင်နိုင်ရေး ကြိုးပမ်းနေသူများအထဲက အမည်မဖော်လိုသူတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ဒီဘက်ကတော့ ဆောင်ရွက်စရာရှိတာတွေကို အားလုံးကို ဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီဘက်ကလည်း သူတို့(UNESCO)ဆီကို လှမ်းပြီးတော့ ချိတ်ပါတယ်။ သူတို့ဆီက ဘာမှအကြောင်း မပြန်သေးဘူး”ဟု ပြောသည်။

မြောက်ဦး UNESCO စာရင်းဝင်နိုင်ရေး အဆိုပြုလွှာမူချောကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃ဝ ရက်တွင် ပြင်သစ်နိုင်ငံရှိ UNESCO ရုံးချုပ်သို့တင်သွင်းနိုင်ခဲ့ပြီး ယခုနှစ် ၂ဝ၂၃ ခုနှစ်၊ သြဂုတ်လတွင် UNESCO ဘက်မှ ပညာရှင်များက မြောက်ဦးသို့ လာရောက် ကွင်းဆင်းလေ့လာရန်ရှိသည်ဟု သိရသည်။

သို့ရာတွင် လက်ရှိ မြန်မာပြည်တွင်းဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် ယင်းသို့ လာရောက်လေ့လာရန် UNESCO ဘက်မှ တစ်စုံတစ်ရာအကြောင်းပြန်ကြားမှုမရှိတော့ဟု သိရသည်။

မြောက်ဦး UNESCO စာရင်းဝင်နိုင်ရေးဆောင်ရွက်နေသည့် မြောက်ဦးမြို့ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းက “သူတို့ မလာနိုင်တော့ဘူး။ ဘာလို့ဆိုတော့  နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခြေအနေကြောင့် ဖြစ်နိုင်တယ်။  သူတို့ဘက်က Yes or No ဆိုပြီးတော့ အကြောင်းမပြန်ဘူးဖြစ်နေတယ်”ဟု ပြောသည်။

မြောက်ဦး UNESCO စာရင်းဝင်နိုင်ရေးကိစ္စ ရှေ့ဆက်ပြီး ဘာဆက်ဖြစ်လာနိုင်မည်ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဟုလည်း မြောက်ဦး UNESCO စာရင်းဝင်နိုင်ရေးဆောင်ရွက်နေသူများက ပြောဆိုကြသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကို နိရဉ္စရာက ဆက်သွယ်ခဲ့သော်လည်း မီဒီယာများကို မဖြေဟုဆိုကာ ဖုန်းချသွားခဲ့သည်။

မြောက်ဦးမြို့ကို UNESCO စာရင်းဝင်နိုင်ရေးအတွက် ရှေ့ပြေးကွင်းဆင်းလေ့လာမှုအဖြစ် အီတလီနိုင်ငံသား ရေအသုံးချမှုပညာရှင် ပါမောက္ခ Massimo Sarti ဆိုသူက မြောက်ဦးမြို့၏ ရေအသုံးချမှုစနစ်ကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်အထိ ၇ ရက်ကြာ ကွင်းဆင်းလေ့လာခဲ့သေးသည်။

ယင်းသို့ လေ့လာအပြီး မြောက်ဦးမြို့ရှိ ချောင်း၊ မြောင်းများတွင် အမှိုက်များပစ်ချမှုကြောင့် ရေလမ်းကြောင်းပိတ်ဆို့မှုများနှင့် ရှေးဟောင်းနယ်မြေများအတွင်းရှိ ကျူးကျော်များကြောင့် မြောက်ဦးမြို့သည် UNESCO စာရင်းဝင်နိုင်ရေးတွင် အခက်တွေ့စေနိုင်သည်ဟု သူက ပြောဆိုခဲ့သည်။

ယင်းအပြင် မြောက်ဦးမြို့ရှိ မောင်းဆွဲတောင်တန်းမှ ကျောက်များအား ခွာချနေမှု၊ မြောက်ဦးမြို့ရှိ တောင်များကိုကျောက်တူးဖော်ဖြိုချနေမှုများမှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အပြင် သမိုင်းအမွေအနှစ်များကိုပါ ပျက်စီးစေကြောင်းလည်း ပါမောက္ခ Massimo Sarti က ထောက်ပြခဲ့သည်။

ယင်းနောက် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဧပြီလအတွင်းမှစတင်ကာ မြောက်ဦးရှေး/သုဌာနအပါအဝင် ဌာနဆိုင်ရာတို့ပူးပေါင်းပြီး မြောက်ဦးရှိ ရှေးဟောင်းနယ်မြေများအတွင်း ဝင်ရောက်ကျူးကျော် နေထိုင်သူများကို ဖယ်ရှားနေသည်မှာ လက်ရှိအချိန်ထိဖြစ်သည်။

မြောက်ဦးမြို့ရှိတန်ဖိုးဖြတ်မရသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များကို အရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန်လိုအပ်သောကြောင့် မြောက်ဦးကို UNESCO စာရင်းဝင်ရန် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟု UNESCO စာရင်းဝင်ရန် ကြိုးပမ်းနေသူများက ပြောသည်။

မြောက်ဦးမြို့ကို အေဒီ ၁၄၃ဝ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့သည့် ကြီးကျယ်ခမ်းနားခဲ့သော မင်းနေပြည်တော်တစ်ခုဖြစ်ခဲ့သည်။

Most read this week

December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...