မြောက်ဦးတွင် စစ်ကောင်စီတပ်သား (၃) ဦး လက်နက်များယူဆောင်ထွက်ပြေး

မြောက်ဦးတွင် စစ်ကောင်စီတပ်သား (၃) ဦး လက်နက်များယူဆောင်ထွက်ပြေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အခြေစိုက် (၅၄၀) တပ်ရင်းမှ စစ်ကောင်စီတပ်သား (၃) ဦးသည် လက်နက်များယူဆောင်၍ ထွက်ပြေးသွားသည်ဟု စစ်တပ်နှင့်နီးစပ်သည့် ခိုင်လုံသတင်းရင်းမြစ်မှ တဆင့် သိရသည်။

"တပ်တွင်းသတင်းအရ (၅၄၀) က စစ်သား(၃) ယောက် လက်နက်အပြည့်အစုံနဲ့ မနေ့က ထွက်ပြေးသွားတယ် ပြောပါတယ်။ မနေ့က ညနေပိုင်းမှာ ထွက်ပြေးသွားတဲအတွက် သူတို့ အပူတပြင်း လိုက်ရှာနေတယ် "ဟု ပြောသည်။

ထွက်ပြေးသွားသည့် တပ်သားများ၏ အမည်နှင့် ရာထူးကိုမူ အတိအကျမသိရကြောင်း သူက ပြောသည်။

ယခုကဲ့သို့ ထွက်ပြေးမှုများကြောင့် စစ်တပ်က မြို့ထဲတွင် စစ်ကားများနှင့်သွားလာလိုက်ရှာမှုများ ရှိခဲ့သလို၊ စစ်ဆေးမှုများလည်းရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

"ကားတွေနဲ့ သူတို့ သွားလာတာတွေရှိခဲ့တယ်။ လင်းမြွေတောင်တောင်ထက်က စစ်သားတွေလည်း ကားလမ်းမကိုဆင်းပြီးတော့ စစ်ဆေးတာတွေ ရှိခဲ့တယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ဦးအခြေစိုက် (၃၇၈) တပ်ရင်းမှ တပ်ကြပ်ကျော်သန့်စင်သည်လည်း  တပ်ထဲမှ စစ်ဗိုလ် (၃) ဦးနှင့် စကားများရန်ဖြစ်ကာ ထွက်ပြေးသွားသည်ဟု ဇနီးဖြစ်သူကကို ကိုးကားပြီး  နီးစပ်သူတစ်ဦးက ပြောသည်။

"  ဒီလ  ၁၃ရက်၊ ၁၄ ရက်လောက်က ဖြစ်မှာပဲ။ အတိအကျရက်မမှတ်မိတော့လို့။ ကျော်သန့်စင်ဆိုတဲ့ တပ်ကြပ်ဟာ တပ်တွင်းမှာ အချင်းချင်း ဗိုလ်တွေနဲ့ စကားများလို့ ထွက်ပြေးသွားတယ်လို့ သူ့မယားကပြောတယ်"ဟု ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍အတည်ပြုနိုင်ရန်  ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အလွတ်သဘော အပစ်အခတ် ရပ်စဲထားသော်လည်း တပ်တွင်းယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာယိုယွင်းမှုများရှိနေပြီး အထက်အောက် ဖိနှိပ်မှုများလည်းရှိနေသဖြင့်  ယခုကဲ့သို့ ထွက်ပြေးရခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက ပြောသည်။

ယခု တပ်ကနေ ထွက်ပြေးသွားသည့် စစ်သားများ ရက္ခိုင့်တပ်တော်ထံ ရောက်မရောက်ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ယခုဖြစ်ရပ်မတိုင်မီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော် (AA) ထံ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်သားအရေအတွက်မှာလည်း ရာနှင့်ချီ ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...