ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့် စခန်းတစ်ခု၌ နယ်ခြားစောင့် တပ်ဖွဲ့ဝင် အချင်းချင်းကစားနေသည့် ဖဲဝိုင်းတစ်ခုတွင်ရန်ဖြစ်ရာမှ တပ်ကြပ်တစ်ဦးက ဖဲဝိုင်းအတွင်းသို့ လက်ပစ်ဗုံးကို ပစ်ထည့်လိုက်သဖြင့် နယ်ခြားစောင့် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားသည်ဟု သိရသည်။
သေဆုံးသွားသူ ၂ ဦးမှာ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဒုံးညိုနယ်ခြားစောင်စခန်းမှ ဒုတပ်ကြပ် သက်ပိုင်းထွန်းနှင့် ဒုတပ်ကြပ်လင်းလင်းတို့ဖြစ်ပြီး နောက်ထပ် ၅ ဦးသည်လည်း ထိခိုက်ဒဏ်ရာများ ရရှိသွားကြသည်ဟု သိရသည်။
သူတို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်ညက ဖဲဝိုင်းပြုလုပ်ကစားကြစဉ် အချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ နယ်ခြားစောင့် ဒုတပ်ကြပ်လင်းလင်းက သူ၏လက်ပစ်ဗုံး စနက်တံကိုဖြုတ်ပြီး ဖဲဝိုင်းအတွင်း ပစ်ထည့်လိုက်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
“ဖြစ်တာကတော့ ၆ ရက်နေ့ကနေ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီဘက်တွေကျတော့ ဖုန်းလိုင်းတွေလည်း မမိဘူး။ ဆက်သွယ်ရခက်တယ်။ အဲဒါကြောင့် ဒီရက်ပိုင်းမှ ဒီသတင်းကို သိရတာ”ဟု ပြောသည်။
သေဆုံးသွားသူ ၂ ဦးအနက် ဒုတပ်ကြပ် သက်ပိုင်းထွန်းမှာ လည်ပင်း၊ ရင်ဘတ်နှင့် မျက်နှာတို့တွင် ဗုံးစထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ပြီး ဒုတပ်ကြပ် လင်းလင်းမှာ ခြေသလုံးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသွားသူ ၅ ဦးအနက် ၄ ဦးမှာ စိုးရိမ်ရပြီး ၃ ဦးကို မောင်တောဆေးရုံသို့ ပို့ဆောင်ထားကာ ကျန် ၂ ဦးကို ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဒေသခံများက ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထိုစခန်းတွင် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက်ရှိသည်ဟုလည်း သိရသည်။
ဒုံးညိုနယ်ခြားစောင့်စခန်းတွင် နယ်ခြားစောင့် အင်အား ၁ဝဝ ကျော်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။







