ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမှ နုတ်ထွက်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူး ၉ဝ ကျော်ကို ပြန်လည်တာဝန်ထမ်းဆောင်ရန် ULA က ခေါ်ယူတိုက်တွန်း

ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမှ နုတ်ထွက်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူး ၉ဝ ကျော်ကို ပြန်လည်တာဝန်ထမ်းဆောင်ရန် ULA က ခေါ်ယူတိုက်တွန်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် မကြာသေးခင်က တာဝန်မှ နုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး အယောက် ၉ဝ ကျော်ကို ပြန်လည် တာဝန်ထမ်းဆောင်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ခေါ်ယူတိုက်တွန်းလိုက်သည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်မှ နုတ်ထွက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁၉ ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ နုတ်ထွက်ထားသည့်ကျေးရွာအုပ်ချုပ်ရေးမှူး ရဝ ကျော်၊ စုစုပေါင်း ၉ဝ ကျော်ကို ယနေ့ ဇန်နဝါရီလ ၂ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ULA နယ်မြေရုံးသို့ ခေါ်ယူကာ တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကိုယ်တို့တွေ အုပ်ချုပ်ရေးမှူးမရှိတဲ့အတွက် ကိုယ်တို့ရခိုင်တွေ အခက်အခဲဖြစ်နေတယ်။ တစ်ခုခုသွားတယ်ဆိုရင် ထောက်ခံစာမရှိဘာမရှိ၊ အားနည်းချက်တွေရှိနေတယ်။ အဲလိုပုံစံမျိုးတွေလေ။ အဲလိုဆိုတော့ အဲဒါကို ပြန်ပြီးတော့ လက်ခံလုပ်ကြဖို့ အဲလိုတိုက်တွန်းတာ”ဟု ပြောသည်။

ယင်းသို့တိုက်တွန်းခဲ့သည့်အတွက် အချို့အုပ်ချုပ်ရေးမှူးများက လုပ်ရန်ဆန္ဒရှိသော်လည်း အချို့မှာ ULA/AA နှင့် စစ်ကောင်စီတပ်တို့အကြား ကြားညှပ်နေ၍ လုပ်ရကိုင်ရ အကျပ်အတည်း တွေ့ရသည်ဟုဆိုကာ ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိဖြစ်နေကြသည်ဟု ပြောသည်။

“ရွာသားတွေအတွက်၊ ပြည်သူတွေအတွက်ဆို ငါတို့ပြန်လုပ်ရမယ်ဆိုပြီး လုပ်ချင်တဲ့သူတွေ တချို့ရှိသလို တချို့ကတော့ မလုပ်ချင်တော့ဘူးဆိုပြီး အုပ်စု ၂ ခုဖြစ်နေတယ်ပေါ့။ ဘယ်လိုဆက်ဖြစ်မလဲတော့ မပြောတတ်သေးဘူး”ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့အကြား တာဝန်ထမ်းဆောင်ရသည်မှာ လွတ်လပ်မှုမရှိတော့၍ဟုဆိုကာ ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၉ ဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်ကလည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ရဝ ကျော်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်ကလည်းကောင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ထံ အသီးသီး နုတ်ထွက်စာတင်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်မှ နုတ်ထွက်ထားကြသည့်အတွက် နယ်ဝေးသို့ခရီးသွားလာရန် ထောက်ခံစာတောင်းခံခြင်းနှင့် မှတ်ပုံတင် ပျက်စီး/ပျောက်ဆုံး၍ ပြန်လည်လျှောက်ထားရန် ထောက်ခံစာတောင်းခံခြင်းတို့တွင် အဆင်မပြေမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက “အခက်အခဲတော့ ဘယ်လိုကြုံနေရလဲဆိုတော့ မှတ်ပုံတင်သမားတွေ မှတ်ပုံတင်လုပ်ချင်တယ်။ တချို့တလေက မှတ်ပုံတင်တွေပျက်စီးနေကြတယ်။ ထောက်ခံစာ အုပ်ချုပ်ရေးမှူးဆီသွားတောင်းတော့ သူကလည်း မပေးနိုင်တော့ဘူး။ တံဆိပ်တုံးလည်း မရှိတော့ဘူးလေ။ အဲလိုအခက်အခဲတွေဖြစ်နေရတယ်”ဟု ပြောသည်။

ယခင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ရခိုင်တွင် စစ်တပ်နှင့် AA တို့တိုက်ပွဲများ ပြင်းထန်ခဲ့ချိန်ကလည်း မြောက်ဦး၊ ကျောက်တော်နှင့် ရသေ့တောင် စသည့်မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူးအများအပြားသည် နှစ်ဘက်တပ်အကြားတွင် တာဝန်ထမ်းဆောင်ရသည်မှာ အကျပ်အတည်းများဖြစ်ပေါ်၍ဟုဆိုကာ တာဝန်မှ နုတ်ထွက်စာတင်၍ နုတ်ထွက်ခဲ့ကြဖူးသည်။

Most read this week

December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...