စစ်ကြောရေးတွင်နှိပ်စက်ခံရ၍ တောင်ကုတ်ဒေသခံတစ်ဦး ဘယ်ဖက်နံရိုးကျိုးသွား၍ ဆေးကုသမှုခံယူနေရ

စစ်ကြောရေးတွင်နှိပ်စက်ခံရ၍ တောင်ကုတ်ဒေသခံတစ်ဦး ဘယ်ဖက်နံရိုးကျိုးသွား၍ ဆေးကုသမှုခံယူနေရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မှိုဟင်းတောကျေးရွာမှ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသည့် ဒေသခံတစ်ဦး စစ်ကြောရေးတွင်စစ်ဆေးစဉ် နှိပ်စက်ခံရ၍ ဘယ်ဖက် နံရိုးကျိုးသွားကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

၎င်းမှာ တောင်ကုတ်မြို့နယ် မှိုဟင်းတောကျေးရွာ ချောင်းနားလမ်းနေ အသက်၄၀ ကျော်အရွယ် ဦးသန်းထွန်းဖြစ်ကြောင်းသိရသည်။

၎င်းကို ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်ကပင် ၎င်း၏နေအိမ်မှ တောင်ကုတ်မြို့အခြေစိုက် တပ်စခန်းတစ်ခုသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးစဉ်အတွင်း ၎င်း၏ ဘယ်ဖက်နံရိုးကျိုးသွားကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

၎င်းကို တောင်ကုတ်အခြေစိုက်တပ်ရင်းတစ်ခုတွင် ဖမ်းဆီးထားပြီး နိုဝင်ဘာလ ၁၈ ရက်မှ တောင်ကုတ်မြို့မရဲစခန်းသို့ လွဲပြောင်းပေးခဲ့ကာ နိုဝင်ဘာ ၂၂ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်ဟု သိရသည်။

၎င်းအားရုံးချိန်း ရုံးထုတ်ရာတွင် မိသားစုနှင့်တွေ့ခွင့်ရ၍ ဆေးကုသမှုခံယူလိုကြောင်း ပြောကြားလာသဖြင့် စခန်းမှူးအား တင်ပြခဲ့ရာ  ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်က တောင်ကုတ် ဆေးရုံကြီးတွင် ပြသခွင့်ရခဲ့ပြီး ယမန်နေ့ဒီဇင်ဘာလ ၂၂ ရက်က နောက်ထပ်တစ်ကြိမ် ဆေးခန်းပြသခွင့်ရခဲ့သည်ဟု သိရသည်။

ဆေးရုံမှ တစ်လစာဆေးများပေးအပ်လိုက်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

" နိုဝင်ဘာ ၁၈ ရက်နေ့ရောက်တုန်းက ရဲစခန်းကို ရွှေ့လာပြီလို့ကြားပေမယ့်  တွေ့လို့လည်းမရခဲ့ဘူး၊ အချုပ်ကိုရောက်တယ်လို့ပဲ ကြားရတာ။နိုဝင်ဘာ  ၂၂ ရက်နေ့ရုံးချိန်းမှာတော့ စကားပြောခွင့်ရတော့ ဆေးကုချင်တယ်လို့ သူကစခန်းမှူးဆီမှာ အကြောင်းကြားထားတယ်ဆိုပြီးပြောတယ်။ မနေ့ကတော့ ဆေးခန်းက ဆေးတစ်လစာ ပေးလိုက်ပါတယ်။ အရင်တခါကတော့ ဓာတ်မှန်တွေဘာတွေရိုက်ရတယ်။ ဆေးခန်းသွားပြတဲ့အခါမှာတော့ တုတ်တုတ်နဲ့သွားရတယ်၊ ရဲသားသုံးယောက်လောက်ကတော့ လိုက်ပေးတယ်" ဟုပြောသည်။

ဦးသန်းထွန်းအား မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် တောင်ကုတ်အခြေစိုက် ခမရ ၃၄၆ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုလုပ်ကာ တရားစွဲထားခြင်းဖြစ်ကြောင်းသိရသည်။

၎င်း၏ရုံးချိန်းများတွင်လည်း တရားလိုဘက်မှ ရုံးချိန်းမှန်မှန်လာရောက်ခြင်းမရှိသဖြင့် အမှုအခြေအနေမှာလည်း တိုးတက်လာမှုမရှိသေးကြောင်း မိသားစုဝင်များကပြောသည်။

" ဒီလိုမျိုးနောက်ထပ်လူတွေကိုလည်း အဖမ်းမခံစေချင်ဘူး။ ကိုယ်ကတခုမှမလုပ်ဘဲနဲ့ လူများ လက်ညိုးထိုးပြီး ချောက်ချရုံနဲ့ ဒီလိုမျိုးအဖမ်းခံရတာက ပြည်သူတွေ ထမင်းစားနေဖို့တောင် မကောင်းတော့ဘူး။ နောက်ထပ်လည်း ဒီလိုမျိုးမဖြစ်စေချင်ဘူး။ မှန်ကန်တဲ့ဥပဒေနဲ့ မှန်ကန်တဲ့လုပ်ရပ်မျိုးပဲလုပ်စေချင်တယ်" ဟုပြောသည်။

လက်ရှိတွင် ၎င်းအားတောင်ကုတ်မြို့မရဲစခန်း အချုပ်တွင် ထိန်းသိမ်းထားပြီး လာမည့်ဒီဇင်ဘာလ ၂၆ ရက်အား ရုံးချိန်းထပ်မံချိန်းဆိုထားကြောင်းသိရသည်။

လက်ရှိ ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ နှစ်ဖက်အပစ်ရပ်ထားသော်လည်း တစ်ကျော့ပြန်တိုက်ပွဲအတွင်း ဖမ်းဆီးထားသည့် ဒေသခံများကို မတရားအသင်းဆက်သွယ်မှု ပုဒ်မတို့ဖြင့် တရားစွဲဆိုမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...