စစ်တွေဆတ်ရိုးကျတံတားအောက်ရှိ စစ်ကောင်စီ၏ နေဗီရေယာဉ်မှ စက်လှေများကို စစ်ဆေးပြီး တရားမဝင် ငွေတောင်းခံမှုများရှိနေ

စစ်တွေဆတ်ရိုးကျတံတားအောက်ရှိ စစ်ကောင်စီ၏ နေဗီရေယာဉ်မှ စက်လှေများကို စစ်ဆေးပြီး တရားမဝင် ငွေတောင်းခံမှုများရှိနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဆတ်ရိုးကျတံတားအောက်တွင်ရှိသော စစ်ကောင်စီ၏နေဗီရေယာဉ်မှ စက်လှေများကို စစ်ဆေးပြီး တရားမဝင် ငွေတောင်းခံမှုများရှိနေကြောင်း သိရသည်။

အဆိုပါဆတ်ရိုးကျတံတားအောက်တွင်ရှိသည့် နေဗီရေယာဉ်သည် လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ယင်းအနီးအနားမှဖြတ်သန်းသွားလာသည့် စက်လှေများကို အချိန်ကြာမြင့်စွာစစ်ဆေးမှုများပြုလုပ်ပြီး ၎င်းတို့ကို ငွေကြေးပေးမှသာလျှင် ထွက်ခွာခွင့်ပေးကြောင်း စက်လှေသမားများကပြောသည်။

"တရားဝင်ဘယ်လောက်ပေးရမယ်လို့တော့ မတောင်းဆိုဘူး။ ကျနော်တို့မှာက ဒီရေအတက်အကျနဲ့ သွားနေရတာဆိုတော့ အယင်သွားဖို့လိုလို့ လက်ဖက်ရည်ဖိုးဆိုပြီး သုံးသောင်း၊ လေးသောင်း ပေးခဲ့ရပါတယ်။ ခရီးသည်တွေကိုတော့ မှတ်ပုံတင်စစ်ပါတယ်။ ငွေမပေးသေးရင်တော့ အချိန်အကြာကြီးဆွဲပြီးစစ်ပါတယ်။ မပေးရင် ထွက်ရမယ့် အခြေအနေလည်းမရှိဘူး " ဟုပြောသည်။

၎င်းပြင် မြန်မာနိုင်ငံတွင် တရားဝင် သယ်ယူခွင့်ပြုထားသည့် ဆန်နှင့် မီးဖိုချောင်သုံး ရိက္ခာများကိုလည်း စစ်ဆေးပြီး ငွေတောင်းခံလေ့ရှိသည်ဟု ဆိုသည်။

နောက်ထပ်စက်လှေသမားတစ်ဦးကလည်း "ကျနော်တို့မှာပါလာတဲ့ ခရီးသည်တွေကို အချိန်အကြာကြီး စစ်တယ်၊ ရစ်တာတွေရှိတယ်။ သူတို့ကိုလက်ဖက်ရည်ဖိုးဘာညာဆိုပြီးပေးလိုက်ရင်တော့ ဘုတ်ထဲကိုဝင်ပြီးတောင် သေချာမစစ်တော့ဘူး။ လွတ်ပေးလိုက်ပါတယ်။ ကျနော်တို့ကလည်း လိုရာခရီးကိုသွားဖို့လိုနေတယ်ဆိုတော့ ပေးခဲ့ရတာပါပဲ" ဟုပြောသည်။

ရခိုင်တွင်စစ်ပွဲယာယီရပ်ထားပြီဖြစ်သော်လည်း တစ်နေရာမှတစ်နေရာသို့ ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရာတွင် ဆန်၊ ဆေးဝါးနှင့် အိမ်သုံးဆေးဝါးများကို ကန့်သတ်ကုန်များ အဖြစ်သတ်မှတ်ထားပြီး တရားဝင်သယ်ယူခွင့်မရသေးကြောင်း ဒေသခံများကပြောသည်။

ရခိုင်တွင် စစ်ကောင်စီနေဗီရေယာဉ်များသည် ခရီးသွားလာနေကြသည့် စက်လှေများထံမှ ငွေကြေး၊ ဆီနှင့် စားနပ်ရိက္ခာတောင်းခံမှုများကို ယခင်ကပြုလုပ်လေ့ရှိပြီး လက်ရှိရက္ခိုင့်တပ်တော်(အေအေ)နှင့် အပစ်ရပ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာသည့်နောက်ပိုင်းတွင် ထိုသို့တောင်းခံမှုများ လျော့ကျသွားခဲ့သော်လည်း စစ်တွေမြို့ရှိ ဆတ်ရိုးကျတံတားအောက်တွင်ရှိသော စစ်ကောင်စီ၏နေဗီရေယာဉ်မှ ငွေညစ် တောင်းခံနေခြင်းဖြစ်သည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်က နှစ်ဖက်ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီမှ နေ့စဉ်နှင့်အမျှ ရိက္ခာနှင့်စစ်အင်အား ဖြည့်တင်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...