ထားဝယ်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသခံ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံရ

ထားဝယ်မြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသခံ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း ဒေသခံပြည်သူ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံ လိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၅ ရက်နေ့က ထားဝယ်မြို့နယ် ကမြောကင်းတံတားမှာ ကုန်ပစ္စည်းတင်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် ၂ ဦးကို ဖမ်းဆီးခဲ့သလို ထားဝယ်ကိုလာတဲ့ ဦးစိုးသိန်းနဲ့ဇနီးဖြစ်သူတို့ကိုလည်း ပါလာတဲ့ကားနဲ့ ဖမ်းဆီးသွားခဲ့တာပါ။

ဒါ့အပြင် အဲဒီနေ့မှာပဲ ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်ရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က ဧည့်စာရင်းအကြောင်းပြချက်နဲ့ ဝင်ရောက်စစ်ပြီး အမျိုးသား ၄ ဦးနဲ့အမျိုးသမီး ၂ ဦးတို့ကို ထပ်မံဖမ်းဆီးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်နဲ့ ကရပ်ပြင်ရပ်ကွက်က ဦးဌေးအော်၊ ဦးအောင်ကြည်နဲ့ ဇနီးဖြစ်သူတို့ကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားတာပါ။

စစ်ကောင်စီတပ်ကတော့ သူတို့ ဖမ်းဆီးလိုက်တဲ့ ဒေသခံတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့ဆက်သွယ်တာ၊ ဧည့်စာရင်းမတိုင်ထားဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

လက်ရှိမှာ စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ထားဝယ်ရဲစခန်းနဲ့ စစ်ကြောရေးတွေကို ပို့ဆောင်ထားပြီး တချို့ကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ ၁၀၀၀ ထက်မနည်း ဖမ်းဆီးခံထားရတာ ဖြစ်ပြီး အဲဒီထဲက နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...