အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကယားပြည်နယ်ထဲက နိုင်ငံရေးပါတီတွေကို ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုမှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့်၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် မဲစာရင်းပြုတာ၊ လူဦးရေစာရင်း ကောက်ယူတာနဲ့ မဲရုံတည်နေရာ သတ်မှတ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဘောလခဲ၊ မယ်စဲ့နဲ့ဒီးမော့ဆိုတို့ကို ခရိုင်အဖြစ် ထပ်မံတိုးချဲ့သတ်မှတ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကိုလည်း နေရပ်ပြန်လာဖို့ ပြောဆိုနေတာပါ။
KNPP အတွင်းရေးမှူး(၁) ခူဒယ်နီယာကတော့ စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်သလို သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲဟာလည်း ပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုတဲ့အတွက် ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ ဒီရွေးကောက်ပွဲက တရားဝင်တဲ့ ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူး။တရားမျှတမှာလည်း မဟုတ်ဘူး။စစ်ကောင်စီက တရားဝင်အစိုးရလည်း မဟုတ်ဘူး။ဒါက လူထုအတွက် ဘာမှ အဓိပ္ပာယ်လဲ မရှိဘူး။ဒါ့အပြင် စစ်ရှောင်တွေက များလာပြီ။ မြို့ထဲမှာက အနည်းအကျဉ်းပဲရှိတော့တယ်။ဆိုတော့ သူတို့ ရွေးကောက်ပွဲ မဲထည့်မယ့် လူက လူထုအားလုံးကို ကိုယ်စားမပြုနိုင်ဘူး။ အဲဒီတော့ကျွန်တော်တို့အဖွဲ့အနေနဲ့ ကရင်နီပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပခွင့်ပြုမှာ မဟုတ်ဘူး” ဆိုပါတယ်။
ကယားပြည်နယ်မှာ ဒေသတွင်းပါတီအဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ ကယန်းအမျိုးသားပါတီ(KNP) နဲ့ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP) တို့ ရှိနေတာ ဖြစ်ပါတယ်။
ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးရွေးကောက်ပွဲဝင်မယ့် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူမှုတွေလုပ်ဆောင်သွားမလဲဆိုတဲ့ သံလွင်တိုင်းမ်ရဲ့ မေးမြန်းမှုကိုတော့ KNPP တာဝန်ရှိသူကဖြေဆိုဖို့ ငြင်းဆိုသွားပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကယန်းအမျိုးသားပါတီ (KNP) နဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP) တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းနေပေမယ့် အဆက်အသွယ် ရရှိခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ်အတွင်း NLD ပါတီက နေရာ(၂၀) ၊ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP) က (၈) နေရာ၊ ကြံ့ခိုင်ရေးပါတီက (၆) နေရာ အသီးသီးအနိုင် ရရှိထားပါတယ်။
လူဦးရေ (၃) သိန်းကျော်ရှိတဲ့ ကယားပြည်နယ်မှာ ခရိုင်(၂)ခု၊ မြို့နယ်(၇) မြို့နယ်ရှိပြီး ရွေးကောက်ပွဲ အခင်းအကျင်းအရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၇) နေရာ၊အမျိုးသားလွှတ်တော် (၁၂) နေရာ၊ ပြည်နယ်လွှတ်တော်(၁၄) နေရာနဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး (၁) နေရာ စုစုပေါင်း(၃၄) နေရာ အတွက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။







