ထားဝယ်မြို့မှာ PDF ရဲဘော်ရဲ့ ဖခင်ဖြစ်သူ ဖမ်းဆီးသတ်ဖြတ်ခံရ

ထားဝယ်မြို့မှာ PDF ရဲဘော်ရဲ့ ဖခင်ဖြစ်သူ ဖမ်းဆီးသတ်ဖြတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်နေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော် ကိုအောင်ခိုင်ရဲ့ ဖခင်ဖြစ်သူ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီလောက်မှာ PDF ရဲဘော် ကိုအောင်ခိုင်ရဲ့ အသက် ၆၀ အရွယ် ဖခင်ဖြစ်သူ ဦးကြူလွင်ကို စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေက နေအိမ်မှာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။

စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးကြူလွင်ကို နိုဝင်ဘာ ၉ ရက်နေ့ မနက်အစောပိုင်းက ကျောက်မော်ရပ်ကွက်၊ လမ်းမသစ်ဘက် ထန်းပင်တန်းအနားမှာ သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တာပါ။

ပြန်လည်တွေ့ရှိအချိန်မှာ ဦးကြူလွင်ဟာ ဦးခေါင်းကျည်ထိဒဏ်ရာတစ်ချက်နဲ့ မျက်နှာကို အဝတ်စည်းလျက် သေဆုံးနေတာပါ။

ဒေသခံတွေအဆိုအရ ဦးကြူလွင်ဟာ ကျန်းမာရေးမကောင်းတာကြောင့် အလုပ်မလုပ်နိုင်ဘဲ နေအိမ်မှာ နားနေတာ လနဲ့ချီ ရှိပြီလို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့က နေအိမ်ထံ လာရောက် ပို့ဆောင်သွားတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဦးကြူလွင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ညွှန့်လှိုင်ဟာလည်း ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့က ထားဝယ်ကမ်းနားဈေးမှာ ဒူးရင်းသီးရောင်းနေစဉ် အမည်မသိသေနတ်သမားတွေက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးထားတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ ၃၀၀ နီးပါး သတ်ဖြတ်ခံထားရတယ်လို့ Southern Monitor အဖွဲ့က ထုတ်ပြန်ထားပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...