နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကလေးသူငယ် ၅ သိန်းကျော်အထိ ရှိလာ

နိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကလေးသူငယ် ၅ သိန်းကျော်အထိ ရှိလာ

နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့အတွက် အိုးအိမ် စွန့်ခွာထွက်ပြေးရတဲ့ ကလေးသူငယ် ၅၂၀,၀၀၀ ကျော်ထိ ရှိလာတယ်လို့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့ Save the Children က နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Save the Children ရဲ့ အဆိုအရ အာဏာသိမ်းမှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၄ သန်းကျော်ထိ ရှိလာပြီး အဲဒီထဲမှာ ကလေးသူငယ် ၅ သိန်းကျော် ပါဝင်နေတာ ဖြစ်ပါတယ်။ အဲဒီထဲက ကလေးသူငယ် ၂ သိန်းကျော်ဟာ ပြီးခဲ့တဲ့ ၆ လကမှ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ချက်မှာ ဖော်ပြထားပါတယ်။

Save the Children ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး အိုဗီဗာဖရန်ချီကတော့ ကလေးသူငယ်တွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒီကိန်းဂဏန်းဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ကြီးက မမေ့ထားဖို့ သတိပေးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေသူတွေကလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးမှုတွေကြောင့် နိုင်ငံတဝန်းမှာ စစ်ဘေးရှောင်တွေ တစ်နေ့တခြားများပြားလာပြီး စစ်ရှောင်ကလေးသူငယ် ငါးသိန်းကျော်ရှိလာပြီးဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေ အမြန်ဆုံး လုပ်ဆောင်ပေးဖို့ တောင်းဆိုတာပါ။

အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ကလေးသူငယ်တွေဟာ လတ်တလော စစ်ဘေးကင်းတဲ့ လူသူအရောက် အပေါက်ပြတ်လတ်တဲ့ နေရာတွေမှာ ယာယီအမိုးအကာတွေနဲ့သာ နေထိုင်ကြရပြီး စားနပ်ရိက္ခာ အခက် အခဲ၊ ကျန်းမာရေး အခက်အခဲနဲ့ အာဟာရ ချို့တဲ့မှုတွေကြုံရတဲ့အပြင် လူကုန်ကူးမှုအန္တရာယ်အပြင် နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နိုဝင်ဘာ ၁ ရက် အထိ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း သေဆုံးသူ ၂၄ဝဝ ကျော်ထဲမှာ ကလေး ၂၄၄ ယောက်ပါဝင်ပြီး ဖမ်းဆီးခံရသူ တစ်သောင်း ခြောက်ထောင် ကျော်ထဲမှာ အသက်မပြည့်သေးသူ ၄၆၅ ယောက် ပါဝင်နေတယ် လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...