ရွှေကူနယ် စီမော်တွင် လက်နက်ကျည်ထိမှန်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၆ လုံးထက်မနည်း မီလောင်ပျက်စီး

ရွှေကူနယ် စီမော်တွင် လက်နက်ကျည်ထိမှန်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၆ လုံးထက်မနည်း မီလောင်ပျက်စီး
စစ်ကြောင်းတစ်နေရာတွင် စစ်ရေလှုပ်ရှားသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့များ(ပုံဟောင်းအသုံးပြုထားသည်)
စစ်ကြောင်းတစ်နေရာတွင် စစ်ရေလှုပ်ရှားသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့များ(ပုံဟောင်းအသုံးပြုထားသည်)

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမော်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆ လုံးမီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။

အောက်တိုဘာလ ၁၃ ရက် နေ့လည်ပိုင်း ၁နာရီဝန်းကျင်တွင် စီမော်ကျေးရွာဘက်သို့ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် လမ်းခုလပ်တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့၏ စောင့်ကြိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ကျေးရွာရှိသည့်ဘက်သို့ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု KPDF နှင့်နီးစပ်သူ တစ်ဦး KNG ကိုပြောသည်။

“စစ်သားတွေ စစ်ကြောင်းထိုးဝင်လာလို့ KPDF အဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်လိုက်တဲ့သဘောပါ။ အဲ့ဒါကိုသူတို့က ကြောက်လို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ် တာ ရွာထဲမှာ လက်နက်ကျည်တွေသွားကျတယ်။ ရွာသားတွေကပြောတာက နေအိမ်ခြောက်လုံးလောက်လောင်သွားတယ်။ ပြီးရင် တစ်ချို့ကထွက်မပြေးနိုင်ပဲ ကိုယ့်အိမ်မှာပဲ ကျန်ရှိနေတဲ့သူတွေရှိတယ်။ အဲ့တော့ မနေ့က စစ်သားတွေပစ်လိုက်တဲ့ လက်နက်ကြောင့် ပြည်သူ ၂ ယောက်ထိသွားတယ်”ဟုပြောသည်။

စီမော်ကျေးရွာနေပြည်သူများသည် အောက်တိုဘာလ ၁၃ ရက်နေ့မတိုင်မှီအတွင်းမှ ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တစ်ချို့မှာ မတိမ်းရှောင်နိုင်ဘဲ နေအိမ်တွင် ရှိနေစဉ် အမျိုးသား ၂ ဦး လက်နက်ကြီးကျမှန်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အဆိုပါ စီမော်ကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့် နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် ရွာလုံးကျွတ် ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သတင်းအရင်းအမြစ်များပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၁၁ ရက်နေ့မှစပြီး ရွှေကူမြို့နယ်အတွင်းသို့ စစ်အင်အား ၄၀၀ ဝန်းကျင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနောက် နန့်လင်း၊ နောက်လတ်ကြီး၊ ခေါ်လေး၊ စီမူလေး၊ စီမူကြီး စရှိသည့် ကျေးရွာကို တစ်ရွာဝင်တစ်ရွာထွက် လူနေအိမ်များကို မွှေနှောက်ဖျက်စီးပေးလိုက်ကာ ၁၃ ရက်နေ့တွင် စည်သာနှင့် စီမော် ဘက်သို့ စစ်ကြောင်း ၂ဖွဲ့ခွဲပြီး စစ်ကြောင်းထိုးနေဆဲဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် အဆိုပါ ကျေးရွာ ၁၀ ရွာခန့်မှ ကျေးရွာနေပြည်သူများ ရွှေကူမြို့ပေါ်သို့ ၇၀၀ ကျော်နှင့် စစ်ကိုင်းနယ်စပ် မိုးကင့်ဘက်တွင် ၁၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...