ဖားကန့်မြို့အတွင်း ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်ခတ်ရန် ညွန်ကြားချက်ရရှိထားဟုဆို

ဖားကန့်မြို့အတွင်း ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်ခတ်ရန် ညွန်ကြားချက်ရရှိထားဟုဆို
ဖားကန့် မြို့တွင်း ပြည်သူများ သွားလာလှုပ်ရှားသည့် မြင်ကွင်း
ဖားကန့် မြို့တွင်း ပြည်သူများ သွားလာလှုပ်ရှားသည့် မြင်ကွင်း

ဖားကန့်မြို့တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ပစ်နိုင်သည့် ညွန်ကြားချက်ရရှိထားကြောင်း တပ်နှင့်နီးစပ်သူများထံမှ သိရသည်။

အများပြည်သူ သိရှိနိုင်ရန်အတွက် တရားဝင်ထုတ်ပြန်ခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်က လျှို့ဝှက်ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

"တရားဝင်ကြီး ထုတ်ပြန်တာမျိုးတော့ မဟုတ်ဘူး ဒါပေမယ့် ဖားကန့်ထွေအုပ်နဲ့ စစ်တပ်တွေမှာ ပစ်ခွင့်ပြုထားပြီလို့ သိရတယ်" ဟု တပ်နှင့်နီးစပ်သူကပြောသည်။

အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းဖြတ်တောက်ခံထားရသော ဖားကန့်မြို့တွင် စစ်ကောင်စီတပ်သည် စစ်အင်အား ဖြည့်တင်းလာခြင်းမျိုးမရှိဘဲ ရှိရင်းစွဲ စစ်အင်အားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဝင်ရောက်ဖမ်းဆီးမူများ လုပ်ဆောင်ခဲ့သော်လည်း အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ စစ်အင်အားတိုးလာသည့်အပြင် ည ၈ နာရီနောက်ပိုင်းလည်း ယခင်ထက် စစ်ဆေးမှု ပိုတိုးလာကြောင်း သိရသည်။

ဒေသခံများ၏ ပြောပြချက်အရ ဖားကန့်မြို့နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်း မရှိ‌ သော်လည်း အောက်တိုဘာလ ၁ ရက်ညမှစကာ ဖားကန့်မြို့တွင်း မြို့ပြင်များတွင် စစ်သား၊ ရဲများ ညကင်းလှည့်စစ်ဆေးခြင်း ယခင်ထက် ပိုမိုများလာကြောင်း သိရသည်။

အဆိုပါ ကင်းလှည့်သည့် စစ်သား၊ ရဲများသည် အောက်တိုဘာလ ၂ ရက်နေ့ ည ၉ နာရီဝန်းကျင် ဖားကန့်  မြို့မရပ်ကွက်နှင့် ကလပ်ကုန်းရပ်ကွက်‌ရှိ ပြည်သူများ၏ နေအိမ်များတွင် နိုင်ငံသားစီစစ်ရေးကဒ်များ စစ်ဆေးခြင်းပြုလုပ်ကာ ဆိုင်ကယ်၊ ကားများဖြင့် ကင်းလှည့်‌နေကြောင်း သိရသည်။

ယင်းကင်းလှည့်သည့်အဖွဲ့များမှ အောက်တိုဘာ ၂ ရက်ည ကလပ်ကုန်းရပ်ကွက်မှ လူငယ် ၂ ဦးအား ပစ်သတ်ခဲ့သည့်အပြင် အောက်တိုဘာလ ၃ ရက်နေ့ညတွင်လည် လုံးခင်း ကုဋေမှော်ရွာဘက်မှ ကျောက်ပြပြီးပြန်သည့် လူငယ်များအား လိုက်လံ ပစ်ခတ်မှုရှိခဲ့သည်။

"သူတို့က တားတယ် တားလို့ရပ်မပေးရင် ပစ်တော့တာဘဲ ခုကအခြေနေဘယ်လိုလဲဆိုရင် မဲမဲမြင်တာနဲ့ကို ပစ်နေပြီ" ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။။

အောက်တိုဘာလ ၃ ရက်ည ပစ်သတ်ခံရသည့် ၂ ဦးအနက် တစ်ဦးမှာ ကချင်လူငယ်ဖြစ်ပြီး ကျန်တစ်ဦးမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသေးပါ။

ထို့အပြင် အောက်တိုဘာလ ၄ရက်ညတွင်လည်း မြို့တွင်း မြို့ပြင် စစ်ဆေးမူများပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week

January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...