ဆေးရုံတွင် ငှက်ဖျားပိုးလာကုသည့် လူနာ နှင့် လူနာစောင့်ကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ် ဖမ်းဆီး

ဆေးရုံတွင် ငှက်ဖျားပိုးလာကုသည့် လူနာ နှင့် လူနာစောင့်ကို PDF ဟုစွပ်စွဲကာ စစ်ကောင်စီတပ် ဖမ်းဆီး

အင်းတော် ပြည်သူ့ဆေးရုံကြီးတွင် ငှက်ဖျားပိုးဝင်၍ ဆေးလာကုသည့် လူနာ နှင့် အစောင့်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး လက်ရှိချိန်ထိ ပြန်မလွတ်သေးကြောင်း ဒေသခံများထံ မှ သိရသည်။

ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းတွင် အင်တော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ငှက်ဖျားပိုးဝင်၍ ဆေးလာကုသည့် အမျိုးသားတစ်ဦး၊ လူနာစောင့်အမျိုးသမီး တစ်ဦး နှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးတို့ကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးထားကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၂၁ ရက်နေ့မှာ လူနာတစ်ယောက် ငှက်ဖျားပိုးဦးနောက်မှာ ဝင်လို့ရောက်လာတယ်။ လူနာတစ်ယောက် အဲ့ဒါကို ရဲတွေက PDF ပါ PDF မို့လို့ ငှက်ဖျားဖြစ်တာဆိုပြီးတော့ ရဲတွေက တစ်ခါတည်းဖမ်းသွားတယ်။ လူနာကိုတော့ ဆေးရုံမှာပဲခြေလက်ကို ချုပ်ထားတယ်။ လူနာစောင့် နှစ်ယောက်ကိုတော့ ဖမ်းသွားလိုက်တယ်။ လူနာကတော့ သတိပြန်ဝင်လာပြီတဲ့ ပထမကတော့သတိလစ်နေတာ ဖမ်းသွားတဲ့ နှစ်ယောက်လည်း ဒီနေ့ထိပြန်မလွတ်ပေးသေး ဘူး” ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူနာမှာ လက်ရှိချိန်ထိ ဆေးကုသမှုခံယူနေဆဲ ဖြစ်ပြီး ဖမ်းဆီးသွားသည့် နှစ်ဦးကို အင်းတော်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။ အဆိုပါ ဖမ်းဆီးခံရသူများမှာ အင်းတော်မြို့နယ် PDF နှင့် ဆက်စပ်မှုမရှိကြောင်း အင်းတော် PDF တာဝန်ရှိသူတစ်ဦး ပြောသည်။

“သူတို့ကဘယ်ရွာကလည်းတော့သေချာမသိရသေးဘူး လယ်လုပ်တဲ့သူတွေလို့သိရတယ် မြို့ထဲကတော့မဟုတ်ဘူး။ ရွာထဲက PDF တော့မဟုတ်ဘူး” ဟု အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

အင်းတော်ပြည်သူ့ဆေးရုံအုပ်ကြီးသည် ဆေးလာကုသည့် လူနာများ၏ ကိုယ်ရေးမှတ်တမ်းများကို ရယူကာ စစ်ကောင်စီထံသို့ သတင်းပေးလျက်ရှိပြီး အဆိုပါသုံးဦးဖမ်းခံရမှုမှာလည်း ဆေးရုံအုပ်ကြီး၏သတင်းပေးပို့မှုကြောင့် ဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဆေးရုံအုပ်ကြီး သတင်းပေးပို့မှုကြောင့် ဆေးရုံသို့ရောက်လာသော ဒဏ်ရာရထားသည့် လူနာများ၊ ငှက်ဖျားပိုး ဝင်သည့်လူနာများသည် မသင်္ကာမှုဖြင့် ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရမှုဖြစ်စဉ် ယခင်ကလည်း ရှိခဲ့သည်ဟု သိရသည်။

“ပြည်သူတွေကို အခုလိုမျိုးစွပ်စွဲပြီးဖမ်းတော့အခက်အခဲကတော့ရှိတယ်ဗျ သူတို့အဲ့လိုမျိုးအချက်အလက်တွေ ပေးပို့တော့စွပ်စွဲခံရတဲ့လူလည်းနစ်နာတယ် ဆေးရုံ ဆေးခန်းတွေလည်း မပြရဲကြတော့တဲ့အထိပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

အင်းတော် PDF အနေဖြင့် ယခုကဲ့သို့ စစ်ကောင်စီနှင့်ပူးပေါင်းသည့် လျှပ်စစ်ရုံး နှင့် အခြားဌာနဆိုင်ရာရုံးများတွင် သတိပေးဗုံးဖောက်ခွဲမှုများရှိခဲ့ပြီး ပြည်သူ့ဆေးရုံအုပ်ကြီးကိုလည်း ရှေ့ဆက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်ဟု သိရသည်။

ပုံ - အင်းတော် ပြည်သူ့ဆေးရုံ

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...