မြဝတီမြို့တောင်ဘက် ၊ လေးကေကော်ဒေသ ဧရိယာအတွင်းရှိ ဖလူးကြီးကျေးရွာ ဒေသခံရပ်မိရပ်ဖများ စုပေါင်း ညှိနှိုင်း၍ ကျေးရွာဘုရားရှိခိုးကျောင်းတွင် ယခုရက်ပိုင်းအတွင်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဖွင့်လှစ် သင်ကြားရန် စီစဉ်လုပ်ဆောင်နေသည်ဟု ဒေသခံကျောင်းသားမိဘများက ပြောသည်။
” ရပ်မိရပ်ဖတွေ တိုင်ပင်ပြီး ပညာရေးကော်မတီဖွဲ့ထားတယ်၊ ရွာကလေးတွေအတွက် ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်မယ်။ ဟိုရက်က စစ်တပ်နဲ့ BGF ဗိုလ်ချစ်သူတို့ လာသွားတုန်းက ကျောင်းတွေ ပြန်ဖွင့်ကြ ၊ ရွာဆရာမ တွေကို သူတို့ BGF က ၅ သိန်းထောက်ပံ့မယ် ပြောသွားတယ်၊ ရွာကလူတွေကတော့ အဲ့လိုဟာတွေ မျှော်မနေဘူး ၊ ကိုယ့်ကလေး ကိုယ့်ရွာ ဆရာနဲ့ပဲ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်မယ်၊ ကလေးတွေ စာမသင်ရတာ ၂ နှစ်ရှိ ပြီလေ ၊ စစ်ကောင်စီ ပညာရေးကျောင်းတွေ မဖွင့်ဘူး။ အခုက BGF က ရွာသားတွေ ရွာမှာ ပြန်လာနေလို့သာ ပြောတယ်။ သူတို့က ရွာထဲတပ်စွဲနေတာ ပြန်မထွက်သေးဘူး ။ “ဟု ဖလူးကျေးရွာ ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင် နယ်ခြားစောင့်တပ်-BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ နှင့်အဖွဲ့၊ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးအဖွဲ့နှင့် စစ်ကောင်စီ၏ စစ်ကြောင်းအဖွဲ့ စုစုပေါင်းအင်အား ၃၀၀ ကျော်သည် စစ်ရှောင်ဒေသခံပြည်သူများအား ဖလူးကြီးကျေးရွာဘုရားကျောင်း၌ လာရောက်တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။
၎င်းတွေ့ဆုံမှုတွင် ဖလူးကြီး၊ မယ်ထော်သလေး ကျေးရွာများမှ ဒေသခံ စစ်ဘေးရှောင်များအား နေရပ်ပြန်လည်နေထိုင်ရန်၊ စာသင်ကျောင်းများ ပြန်ဖွင့်ရန်၊ ကျောင်းအပ်ကျောင်းတက်ကြရန်၊ တောင်ယာ ပြန်လည်စိုက်ပျိုးလုပ်ကိုင်ရန်တို့ကို အဓိက လာရောက်ပြောဆိုသွားခဲ့သည်ဟု သိရသည်။
လေးကေကေကော် ဒေသအတွင်း စစ်ကောင်စီ ပညာရေးကျေးလက်ကျောင်းများ ပြန်လည်ဖွင့်လှစ်နေမှုမှာ မင်းလက်ပံကျေးရွာ တစ်ခုသာရှိပြီး ကျန်ရှိသော ပဟိကလော်၊ ထီးမယ်ဝါးခီး ၊ လေးကေကော်၊ ရသေ့ဂူ ၊ ဖလူးကြီး၊ ဖလူးလေး နှင့် ကျောက်ခက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့် အခြေအနေတွင် စစ်ဘေးရှောင် ကလေးများပညာရေးအတွက် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECDနှင့် ဒေသတွင်း ခိုလှုံနေကြသည့် CDM ပညာရေး၀န်ထမ်းများပူးပေါင်း၍ ကြားကာလ ပညာရေးကိုယ်ထူ ကိုယ်ထကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေသည်ဟု သိရသည်။







