လေးကေကော်ဒေသ စစ်ရှောင်စခန်းအတွင်း ပိတ်မိနေသည့် ပြည်မမှ ရွှေ့ပြောင်းလုပ်သားအချို့နေရပ်ပြန်

လေးကေကော်ဒေသ စစ်ရှောင်စခန်းအတွင်း ပိတ်မိနေသည့် ပြည်မမှ ရွှေ့ပြောင်းလုပ်သားအချို့နေရပ်ပြန်

မြဝတီမြို့တောင်ဘက် လေးကေ့ကော် မြို့ အနီး စစ်ရှောင်စခန်းများတွင် နေရပ်မပြန်နိုင်သေးဘဲ ပိတ်မိနေသည့် မြန်မာပြည်မခြမ်းမှ ရွှေ့ပြောင်းအလုပ်သမားအချို့သည် ယခုရက်ပိုင်း အတွင်းနေရပ်သို့ ပြန်နေကြကြောင်း စစ်ဘေးရှောင်း အသိုင်းအဝိုင်းများထံမှ သိရသည်။

မြန်မာနိုင်ငံပြည်မဘက်ခြမ်း ပဲခူး၊ ရန်ကုန်၊ မန္တလေး နှင့် မွန်ပြည်နယ်ဘက်မှ ကရင်ပြည်နယ်၊ နယ်စပ်ဘက်ခြမ်းသို့ လက်လုပ်လက်စား လာရောက် လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်း အလုပ်သမားများသည် ယခင်နှစ် ဒီဇင်ဘာလက ဖြစ်ပွားသော လေးကေကော်ဒေသ တိုက်ပွဲများအတွင်း ပိတ်မိနေပြီး ဒေသခံဒုက္ခသည်များနည်းတူ စစ်ပြေးရှောင် နေကြရကာ လက်ရှိတွင် မိမိနေရပ်သို့ ပြန်နေကြကြောင်း ရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

” ကျမတို့ က ဒီစခန်းမှာ ပိတ်မိနေတာ ကြာပြီး။ မိသားစုဝင်ကခြောက်ယောက်လောက်ရှိတာ။ ပဲခူးကိုပြန်ချင်တာ။ အဲ့ဒါ လမ်းစရိတ်က ခုထိမရှိသေးဘူး။ နှစ်သိန်းနီးပါးလောက်ကုန်မှာ လမ်းစရိတ်က။ အခုလိုစစ်ဖြစ်နေတော့ ဘယ်နေရာမှာမှ ပြောင်းဖူးတို့၊ ဘာတို့မစိုက်တော့ ကျမတို့အလုပ်မရှိဘူးလေ။ အဲ့ဒါကြောင့် ကိုယ့်နေရာ ကိုယ်ပြန်ပြီးတော့မှပဲ မိသားစုနဲ့ကြုံရာအလုပ်ပြန်လုပ်တေ့ာမယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ နေရပ်ပြန်လိုသူများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်မြေအတွင်းသွားလာခွင့်ကို ညှိနိူင်းဆောင်ရွက်ထားသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ဒီမိုကရေစီအကျိုးပြုကရင်တပ် မတော်-DKBA အဖွဲ့ဝင်ပိုင်ကားများကို ငှားရမ်းပြီး နေရပ်ကို ပြန်နေကြခြင်းဖြစ်သည်ဟု နေရပ်ပြန်သွားသည့် ရွှေ့ပြောင်းအလုပ်သမားများက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က ဖလူးကြီး ကျေးရွာဘုရားကျောင်း၌ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ တပ်၊ နယ်ခြား စောင့်တပ်-BGF၊ DKBAတပ်ဖွဲ့ဝင်များ နှင့် ဒေသခံစစ်ဘေးရှောင် ပြည်သူတို့ တွေ့ဆုံပွဲအပြီး အခုရက်ပိုင်းများတွင် ရွှေ့ပြောင်းအလုပ်သမားအချို့ နေရပ်ပြန်သည့်အစီအစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) နယ်မြေ၊ ဒူးပလာယာခရိုင်နယ်မြေတွင်းရှိ လေးကေကော် ဒေသမှကျောက်ခက်၊ လေးဒေး၊ ဝေါလေ၊ ကနဲလေး၊ တာအူ့ထာ့၊ တနော့ထာ့၊ သေ့ဘောဘိုး၊ ကလော့ ထောနှင့် စုကလိနေရာဘက်အထိ အစုအဖွဲ့အလိုက် စစ်ဘေးရှောင်နေကြရသူ ၁၅,၀၀၀ကျော်မှာ လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးကြောင်း စစ်ရှောင်များကို ကူညီလုပ်ဆောင်နေသူများက ပြောသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...