တရီဖိုးကွီးအလယ်တန်းကျောင်းအား ကော်သူးလေအစိုးရကျောင်းအဖြစ် ပြန်လည်ပြောင်းဖွင့်

တရီဖိုးကွီးအလယ်တန်းကျောင်းအား ကော်သူးလေအစိုးရကျောင်းအဖြစ် ပြန်လည်ပြောင်းဖွင့်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဖားအံခရိုင် လှိုင်းဘွဲမြို့နယ်ထဲရှိ တရီဖိုးကွီးအလယ် တန်းကျောင်းအား ယခင်မြန်မာနိုင်ငံအစိုးရအခြေခံပညာဦးစီးဌာန လက်အောက်ခံကျောင်းမှ ယခုနှစ်တွင် ကော်သူးလေအစိုးရ ပညာရေးဌာန လက်အောက်ခံကျောင်းအဖြစ် ပြန်လည်ပြောင်းလဲဖွင့်လှစ်လိုက်သည်ဟု သိရသည်။

အဆိုပါစာသင်ကျောင်းတွင် ယခင်က မြန်မာနိုင်ငံ၏ သင်ရိုးညွန်းတမ်းကိုသာသင်ကြားပြီး ယခုအချိန်တွင် ကော်သူလေအစိုးရ၏ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)က ပြဌာန်းထားသည့် သင်ရိုးညွှန်းတမ်းကို ပြောင်းလဲအသုံးပြုသင်ကြားပေးနေသည်ဟု လှိုင်းဘွဲမြို့နယ် KECD ပညာရေးမှူး ပဒိုစောလက်စလီငြိမ်းက ပြောသည်။

သူက “ ဒီကျောင်းက ဟိုးအရင်တုန်းကတော့ ကေအဲန်ယူကျောင်းပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ လေးနှစ်ငါးနှစ်တုန်းက မြန်မာအစိုးရ ကျောင်းဖြစ်သွားတယ်ပေါ့။ ပြီးတော့ ကိုဗစ်ရောဂါအခြေအနေနဲ့ စစ်အာဏာသိမ်းတဲ့ အခြေအ နေကြောင့် ကလေးတွေက ၂ နှစ်ကျောင်းမတက်ရဘူး။ ကလေးတွေက ကျောင်းမတက်ရတာကြာတော့ ဒေသခံတွေနဲ့ ကျနော်တို့ ပြန်တိုင်ပင်ပြီး ကျနော်တို့ကော်သူးလေ ကျောင်းအဖြစ်ပြန်ယူပြီး ကျောင်းပြန် ဖွင့်ပေးတာပေါ့ ” ဟု ကေအိုင်စီသို့ပြောသည်။

ကော်သူးလေအစိုးရ ပညာရေးဌာနလက်အောက်ခံကျောင်းပြန်လည်ဖွင့်လှစ်သည့်အတွက် သင်ကြားမည့် ဘာသာရပ်အားလုံးသည် မြန်မာစာဘာသာရပ်မှလွဲ၍ ကျန်သည့် ပထဝီ၊ သင်္ချာ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များမှာ ကရင်နှင့် အင်္ဂလိပ်ဘာသာဖြင့်သာသင်ကြားပေးသည်ဟု ပဒိုစောလက်စလီငြိမ်းက ဆက်ပြောသည်။

ယခုနှစ်ပြန်လည်ဖွင့်လှစ်သည့် တရီဖိုးကွီးအလယ်တန်းကျောင်းတွင် ကျောင်းသားဦးရေ (၁၄၇) ဦးအား ကျောင်းဆရာ(၂)ဦးနှင့် ကျောင်းဆရာမ (၇)ဦးတို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တရီဖိုးကွီးကျေးရွာအပြင် အနီးအနားရှိ ကျေးရွာများမှ ကျောင်းသူကျောင်းများလည်း လာရောက်ကျောင်းတက်ကြသည်ဟု အဆိုပါ လှိုင်းဘွဲမြို့နယ် ပညာရေးမှူးက ပြောသည်။

ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှင့်တွင် ကေအဲန်ယူ လှိုင်းဘွဲမြို့နယ်၌ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန လက်အောက်ခံ စာသင်ကျောင်းပေါင်း ၃၈ ကျောင်းရှိပြီး ကျောင်းတိုင်းလိုလိုတွင် ယခင်နှစ်များထက် ကျောင်းသားဦးရေ တိုးလာသည်ဟု သက်ဆိုင်ရာမြို့နယ် ပညာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

ကော်သူးလေ အစိုးရကျောင်းအဖြစ် ပြန်လည်ဖွင့်လှစ်သည့်အတွက် တရီဖိုးကွီးကျောင်းသည် ယမန်နေ့ ဇွန်လ ၂ရက်နေ့တွင် ကျောင်းဖွင့်ပွဲ ကျင်းပပြုလုပ်ပြီး အခမ်းအနားသို့ ကေအဲန်ယူ လှိုင်းဘွဲမြို့နယ်အတွင်းရေးမှူး၊ ဖားအံခရိုင်ပညာရေးဌာနအတွင်းရေးမှူး၊ လှိုင်းဘွဲမြို့နယ် ပညာရေးဌာနပညာရေးမှူးနှင့် ကျေးရွာရပ်မိရပ်ဖ နှင့် ကျောင်းသားမိဘတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...