နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကရင်ဖြူလူမျိုးစု နေထိုင်ရာတောင်ပေါ်ဒေသတွင် နနွင်း များ စျေးကွက်ကောင်းရလာသည့်အတွက် တောင်သူအများစုသည် ယခုနှစ်တွင် နနွင်းကို ပြောင်းလဲစိုက်ပျိုးလုပ်ကိုင် သူများလာသည်ဟု ဒေသခံထံမှ သိရသည်။
အဆိုပါဒေသအတွင်း နနွင်းစျေးကွက်ထဲတွင် နနွင်းဝါနှင့် နနွင်းနက်(ဂျင်းနက်)အမျိုးအစားနှစ်မျိုးစလုံးမှာ စျေးကောင်း ရရှိသဖြင့် ပြီးခဲ့သည့်နှစ်မှ စတင်၍ ဒေသအတွင်း နနွင်းအဝယ်လိုက်ကာ စျေးကောင်းရသည့်အတွက် ယခုနှစ်တွင် တောင်သူအများစုသည် နနွင်းကို ပြန်လည်အားစိုက်ကာ စိုက်ပျိုးလာကြခြင်းဖြစ်သည်ဟု ကရင်ဖြူဒေသခံတစ်ဦးက ပြောသည်။
“မနှစ်တုန်းကမှ နနွင်းစျေးကွက်ဝင်လာတယ်။ ဟိုးဘက်အရင်နှစ်တွေက မရှိသေးဘူး။ မျိုးဥတွေလောက်ပဲ ဝယ်စိုက်ပြီး တော့မှ ယခုကျမှ ပွဲစားတွေက လာဝယ်ကြတယ်။ နနွင်းဝါဆိုရင်လည်း အရင်တုန်းက အဲလောက် တွင်တွင်ကျယ်ကျယ် မစိုက်ဘူး။ စျေးကွက်ကလည်း သိပ်မရှိဘူး။ မနှစ်ကမှ စျေးကွက်ငြိမ်လည်းငြိမ်တယ်။ တက်တဲ့အနေအထားရှိတော့ လူ တွေက မျိုးဥတွေပြန်ယူပြီး ပိုပြီး တိုးစိုက်ကြတယ်။”ဟု ပျဉ်းမနားရှိ ကရင်ဖြူဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။
နနွင်းစျေးကောင်းရလာသည့်အတွက် အချို့ဒေသခံများသည် ယခုနှစ်တွင် စပါးကို လျှော့ချစိုက်ပျိုးပြီး နနွင်းကိုသာ ပြန် လည်အားစိုက်ကာ စိုက်ပျိုးလာကြခြင်းဖြစ်သည်ဟု ၎င်းဒေသခံက ပြောသည်။
“နနွင်းစျေးကောင်းတော့ တချို့ကျေးရွာတွေက စပါးစိုက်တာလျှော့ချပြီးတော့ နနွင်းကိုပဲ အားထားစိုက်တာရှိတယ်။ နနွင်းက စျေးကွက်ပိုသာတော့ နည်းနည်းလေး ပိုအားထားပြီးစိုက်တယ်။ တောင်ပေါ်ဒေသမှာ မြေလွတ်မြေရိုင်းများ တော့ နနွင်းဥလည်း အထွက်ကောင်းတယ်။ စပါးစိုက်ရင် စီးပွားဖြစ် အဲလောက်မရတော့ နနွင်းဘက် ပြန်အားစိုက်ကြ တာပေါ့။”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။နနွင်းဝါသည် ယခင်ကတည်းက စိုက်ပျိုးထားကြသော်လည်း နနွင်းနက်သည် စိုက်ပျိုးသူနည်းသေးသည့်အတွက် မျိုးဥ တစ်ပိဿာလျှင် ငါးထောင်ကျပ်အထိ ဝယ်ရသောကြောင့် ဒေသခံအချို့မှာ ယခုနှစ်တွင် နနွင်းနက်ကို မျိုးဥရရှိရန်သာ စိုက်ပျိုးထားပြီး လာမည့်နှစ်မှသာ ပိုမို တိုးချဲ့စိုက်ပျိုးသွားကြရန်ရှိသည်ဟု ကရင်ဖြူတောင်သူများက ပြောဆိုသည်။
ဒေသအတွင်း နနွင်းစျေးသည် နနွင်းနက်(ဂျင်းနက်)ဥ ပေါ်ခါစရာသီတွင် တစ်ပိဿာ ၇၀၀၀(ခုနှစ်ထောင်)ကျပ်စျေး ရရှိ ပြီး နောက်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ်တစ်သောင်းငါးထောင်(၁၅၀၀၀)ရရှိသည့်အပြင် အခြောက်လှန်းပြီးသား နနွင်းဝါတစ်ပိဿာလျှင် ၅၀၀၀ကျပ်စျေးရှိသည်ဟု အခြားဒေသခံတစ်ဦးကလည်း ပြောသည်။
နနွင်းစိုက်ပျိုးသည့်ဒေသများမှာ ပျဉ်းမနားမြို့အရှေ့ဘက်ရှိ တောင်တန်းဒေသနှင့် ရှမ်း(သျှမ်း)ပြည်နယ် တောင်ပိုင်း ဒေသများဖြစ်ကြပြီး နနွင်းဝယ်ယူသူများက စျေးကွက်အားဖြင့် သက်ဆိုင်ရာဒေသနှင့် နီးစပ်သည့် ရေနီမြို့၊ နေပြည် တော်၊ ပျဉ်းမနားမြို့၊ ပင်လောင်းမြို့နှင့် တောင်ငူမြို့များရှိ ပွဲရုံများသို့လည်း တဆင့် ရောင်းချပို့သွင်းကြသည်ဟုတောင်သူများ၏ ပြောပြချက်အရ သိရသည်။
တောင်ပေါ်ဒေသတွင် နေထိုင်သည့် ကရင်ဖြူအများစုမှာ ကွမ်းရွက်၊ ငှက်ပျောနှင့် ဖာလာများ စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခင်နှစ်များက ဒေသထွက် ကွမ်းရွက်မှာ စျေးကောင်းရသည့် ဧပြီလအချိန်တွင် ကွမ်းရွက်တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်အထိ စျေးရရှိခဲ့သည်။ သို့သော် ယခုနှစ်တွင် တစ်ပိဿာ ၅၀၀၀ကျပ်သာရရှိရာမှ မိုးရာသီအစတွင် ဒေသအတွင်း ကွမ်းရွက်စျေးမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်အထိ ကျဆင်းသွားခဲ့သည်။
ပျဉ်းမနားမြို့အရှေ့ဘက် တောင်ပေါ်ဒေသတွင် ကရင်ဖြူလူမျိုးစု အနှံ့အပြားနေထိုင်ကြပြီး ၎င်းတို့သည် တောတောင် များကိုမှီခို၍ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသူများဖြစ်သည်။ ယခုအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များ က ထိုဒေသရှိ ရွာခံများကို ငွေနှင့်မက်လုံးပေး၍ နှစ်ရှည်သစ်ပင်ကြီးများ ထုတ်ယူနေသည့်အတွက် သစ်တောများနေ့စဉ် ပြုန်းတီးလာပြီး ဂေဟစနစ်ပါ ပျက်စီးသွားမည်ကို တောင်ပေါ်ဒေသ ရွာခံလူထုက စိုးရိမ်နေကြသည်။







