ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းမှာ ကလေးအသေမွေးဖွားမှုတွေရှိနေ

ဖယ်ခုံမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းမှာ ကလေးအသေမွေးဖွားမှုတွေရှိနေ

လေးမြာ — ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင်စခန်းတွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကာကွယ်ဆေးမထိုးရတဲ့အတွက် ကလေးအသေမွေးဖွားမှုတွေ ရှိနေတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“ကိုယ်ဝန်ဆောင်မိခင်တွေ ကျမသွားပို့ရတယ်။ သူတို့က ကာကွယ်ဆေးမမီတာ အားဆေးမမီတာ အဲလိုမျိုး ဖြစ်တယ်လေ။ သူတို့ကရေမွှာပေါက်ပြီ။ ပေါက်ပြီးခါကျတော့ သူတို့သုံးရက်လည်း မမွှေးနိုင်ဘူး ဖြစ်တယ် ပေါ့နော်။ အမေက အားမရှိတာလား အဲမျိုးပေါ့နော် သူတို့ဆေးရုံရောက်တော့ သူတို့ကလေး မအောင်ဘူးပေါ့နော်။ သေသွားတယ် အဲလိုမျိုးပေါ့” လို့ ဝါရီဆူးပလိုင်ရွာမှ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နဲ့ ရှမ်းတောင်ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်တာ တစ်နှစ်ကျော်လာတာနဲ့အမျှ ဒေသခံအများအပြားဟာ တောတောင်ထဲစစ်ရှောင်ရတာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ကာကွယ်ဆေးထိုးဖို့လက်လှမ်းမမီကြဘူးလို့ဆိုပါတယ်။

“ကလေးသေဆုံးတာ ၂ ယောက်တွေ့တယ်။ နောက်တခြားမိခင်ခါကျတော့ အောင်လား။ မအောင်လားတော့ မသိဘူး။ သိတဲ့အထဲမှာ ၄၊ ၅ ယောက်တော့ရှိတယ်။ သူတို့မှာ မမွေးနိုင်ဘူး အခက်အခဲရှိတယ်။ ကာကွယ်ဆေးလည်း မထိုးရဘူး အဲလိုမျိုးပေါ့။ ကာကွယ်ဆေးက အရင်တလောကျ‌တော့ ဖယ်ခုံမှာ သွားထိုး ရတယ်လေ။ အဲ့လိုသွားထိုးရတဲ့အခါမှာ တချို့က မသွားနိုင်တဲ့သူရှိတယ်။ တချို့က မသိလို့ မသွားလိုက်ရတာရှိတယ်။ စစ်ဘေးရှောင်ပြီး တောတောင်ထဲမှာနေရတော့ လက်လှမ်းမမီတာရှိတယ်။ ” လို့ ဝါရီဆူးပလိုင်ရွာက စစ်ရှောင်တစ်ဦးကဆက်ပြောပါတယ်။

ကလေးအသေမွေးရခြင်း အကြောင်းရင်းများစွာထဲက ကိုယ်ဝန်ဆောင်မိခင်မှာ နာတာရှည်ရောဂါရှိခြင်း၊ မိခင်မှ ကူးစက်ရောဂါများ ကူးစက်ခံရခြင်း (ဥပမာ- ဂျိုက်သိုး) စတာတွေ ဖြစ်နိုင်တာကြောင့် ကာကွယ်ဆေးထိုးရန် လိုအပ်တယ်လို့ ဆိုပါတယ်။

“ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုမရခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုခံစားရခြင်းတို့ကလည်း ကလေးအသေမွေးဖွားနိုင်ခြင်း၊ ပေါင်မပြည့် လမစေ့ မွေးဖွားနိုင်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်” လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

လက်ရှိစစ်ရှောင်ဘေးရှောင်ပြည်သူတွေဟာ စားနှပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေသလို ရာသီဥတုကြောင့် ကလေးတွေမှာ တုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျော စတဲ့ ရောဂါတွေ ဖြစ်ပွားနေပေမဲ့ ဆေးဝါးလုံလောက်မှု မရှိတာကြောင့် ဆေးကုသမှုမခံယူနိုင် ကြဘူးလို့ စစ်ဘေးရှောင်တွေကဆိုပါတယ်။

ဖယ်ခုံမြို့နယ် ရီလုံရီကန်ကျေးရွာအုပ်စုအတွင်း လက်ရှိအချိန်ထိ စစ်ရှောင်အိမ်ခြေ ၁ ထောင်ကျော်ရှိပြီး စစ်ရှောင်ဦးရေ ၄၅၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...
ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...