ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ ကျေးရွာများတွင် ယမန်နေ့ မေလ ၃ဝ ရက်မှစ၍ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲပြီး ပေါ်တာဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အတွက် ဒေသခံထောင်ချီ ထပ်မံ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ရွာသားများထံမှ သိရသည်။
ဘုရားငါးဆူ၊ မြို့ဟောင်း၊ ခလယ်ရွာလေး၊ ခလယ်ရွာကြီး ဘုန်းကြီးကျောင်းဝင်းနှင့် ကျေးရွာများ၏ အနီးအနားတွင် စစ်ကောင်စီတပ်မှ ကင်းပုန်းဝပ် တပ်စွဲနေရာယူထားလျက်ရှိပြီး မေလ ၃ဝ ရက် ညပိုင်းအချိန်တွင် ခလယ်ရွာထဲသို့ ၎င်းတို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ထိမှန်ကာ ရွာသားများ ထပ်မံ၍ စစ်ဘေးတိမ်းရှောင် နေကြရသည်ဟု ဒေသခံထံမှ သိရသည်။
“ ရွာမှာ စစ်သားတွေ အများကြီးနေရာယူထားတယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာလည်း ရှိနေတယ်။ ရွာသားတွေက လတ်တလော ခိုလှုံရာနေရာမရှိလို့ ဘုန်းကြီးကျောင်းမှာသွားနေကြတာကို သူတို့က ဘုန်းကြီး ကျောင်းဝင်းအထိ လာတပ်စွဲနေတော့ အကုန်ဒုက္ခရောက်ကုန်တယ်ပေါ့။ ပေါ်တာလည်း ဖမ်းတာရှိတယ်။ အားလုံးက ကြောက်လန့်နေကြပြီး” ဟု ဝင်းရော်ဒေသခံတစ်ဦးက ကေအိုင်စီ သို့ပြောသည်။
စစ်ကောင်စီတပ်မှ မေလ ၃ဝ ရက်နေ့တွင် ကျိုက်မရောမြို့နယ် တောင်ကလေးရဲစခန်းမှတစ်ဆင့် ဝင်းရော်ဒေသ လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးတက်လာပြီး ခလယ်ရွာလေးနှင့် မြို့ဟောင်းရွာအကြားတွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာရှိဒေသခံများအား လူသားဒိုင်းအဖြစ်ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးကြောင်း ရွာသားများထံမှ သိရသည်။
တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်နှင့် KNLA အဖွဲ့တို့ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၃ ဦး ကျည်ထိမှန်သေဆုံးခဲ့ရသည်။ ထို့အပြင် ရွာသားများအား ပေါ်တာအဖြစ် ဖမ်းဆီးရိုက် နှက်ခြင်း နှင့် စခန်းရှေ့လမ်းမ ဖြတ်သန်းသွားလာသူများကို လှမ်းပစ်ခတ်မှုများကြောင့် ဒေသခံရွာသား ၁ဝ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ခလယ်-တံခွန်တိုင်တိုက်နယ်တွင် KNLA နှင့် စစ်ကောင်စီတို့၏ ရက်ရှည်တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာ အသီးသီးမှ ဒေသခံ ၁ဝ,ဝဝဝ နီးပါး အခြားမြို့၊ ရွာများနှင့် တောတောင်နေရာများတွင် ၁ လကျော်ကြာ လာသည့်အထိ စစ်ဘေးတိမ်းရှောင်နေကြရသည့်အတွက် ကျန်းမာရေးနှင့် စားဝတ်နေရေးအခက်ခဲများ ရှိလာကြသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။







