ကမ္ဘောဒီးယားနိုင်ငံတွင် ဆုံးဖြတ်ခဲ့သော အာဆီယံနှင့် ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာ ထောက်ထားမှု အကူအညီကို စစ်ကောင်စီမှတဆင့် ကူညီပေးသွားမည့်အပေါ် လက်မခံနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်း (EAO) ၃ ဖွဲ့က မေလ ၃၀ ရက်နေ့စွဲဖြင့် ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။
မေလ ၅ ရက်မှ ၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာမှု အကူအညီများပေးနိုင်ရေး အတိုင်ပင်ခံ အစည်းအဝေးတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်ကို တက်ရောက်ခွင့်ပြုပြီး အကူအညီ ပေးရေးကို စစ်ကောင်စီ၏ လုပ်ငန်းအဖွဲ့ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သွားရန် အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးစင်တာ (ASEAN AHA Centre)နှင့် ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းမှုရုံး (UNOCHA)တို့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းသည် ဒေသတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အမှန်တကယ် လိုအပ်နေသည့် ပြည်သူများအပေါ် အကူအညီမရောက်ရှိနိုင်ဘဲ အပစ်မဲ့အရပ်သားများအပေါ် အကြမ်းဖက်မှု လုပ်ရပ်များ ကျူးလွန်နေသည့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်အားပေးရာ ရောက်စေကြောင်း ပူးတွဲထုတ်ပြန်ချက်၏ ပြောခွင့်ရ ပဒိုစောတောနီးက ယခုလိုပြောသည်။
“စစ်ကောင်စီက အာဆီယံရဲ့ အားနည်းချက်၊ UN ရဲ့ အားနည်းချက်ကို သိထားတဲ့အတွက် အဲ့အပေါ်မှာ အခွင့်အရေးယူပြီး ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လက်နက်သဖွယ် ပြန်အသုံးချပြီး ကျနော်တို့အပေါ် ပြန်တိုက်မှာဖြစ်တဲ့အတွက် ဒါကိုကျနော်တို့ လက်မခံနိုင် တာဖြစ်တဲ့အတွက် ဒါကို နိုင်ငံတကာ တိုင်းပြည်တွေအနေနဲ့ကော ပြည်တွင်းပြည်ပ အဖွဲ့အစည်း တွေအနေနဲ့ကော သေသေချာချာ စဉ်းစားသုံးသပ်ဖို့ လိုတယ်။” ဟုကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်နေသူ အားလုံးမပါဝင်ဘဲ တစ်ဖက် သတ်ဆုံးဖြတ်ချက်အ တိုင်း ဆက်သွားမည်ဆိုပါက အမှန်တကယ် အကူအညီလိုအပ်နေသူများထံသို့ အကူအညီရောက်ရှိနိုင် မည်မဟုတ်ကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသည့် အရပ်ဖက်အဖွဲ့ အစည်းများမှတဆင့် ပေးပို့ကူညီမှသာ အကူအညီများ ရောက်ရှိနိုင်မည်ဖြစ်ကြောင်းလည်း ပဒိုစောတောနီးက ဆက်ပြောသည်။အာဆီယံ၏ အကူအညီပေးမည့် ဒေသများတွင် ကရင်နီ(ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ပဲခူးတိုင်းတို့ပါဝင်ပြီး အကူအညီပေးရေးလုပ်ငန်းများ ဆောက်ရွက် ရန်အတွက် NUG အပြင် သက်ဆိုင်ရာ EAO များနှင့် ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ ကြိုတင်ပြင်ဆင်မှုနှင့် လေ့လာဆန်းစစ်မှု လုပ်ငန်းစဉ် ပုံစံဒီဇိုင်းများကိုအပြီးသတ်ရေးဆွဲထားပြီး လာမည့်ဇွန်လမှစ၍ လေ့လာဆန်းစစ်မှုလုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်သွားမည်ဟု သိရသည်။
ထိုသို့ ဆောင်ရွက်မည့်အပေါ် သက်ဆိုင်သူ အားလုံးမပါဝင်သည့် အဆိုပါ ချဉ်းကပ်မှု နည်းလမ်းများ၊ ဆန်းစစ်လေ့လာမှုများနှင့် အကူအညီပေးရေး အစီအစဉ်များကို ပြန်လည်သုံးသပ်ရေးဆွဲရန် တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာတုံ့ပြန်မှုမရှိဘဲ ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်ရှိသည့်အပေါ် လက်မခံနိုင်ကြောင်းလည်း မေလ ၃၀ ရက်နေ့က ပူးတွဲ ထုတ်ပြန်စာတွင် ပြောဆိုထားသည်။
ထို့အပြင် ကေအဲန်ယူအနေဖြင့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုမပြုရန် သဘော ထားရှိသော်လည်း ပဋိပက္ခအတွင်း ဒုက္ခရောက်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေးအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီပေး ရေးညှိနှိုင်းဆောင်ရွက်မှု မူဝါဒရှိကြောင်း နှင့် ထိုသို့ အကူအညီပေးရေး လုပ်ဆောင်ရာတွင်လည်း တိုက်ပွဲများကို ရပ်စဲထားရမည်ဖြစ်ကြောင်းလည်း ပဒိုစောတောနီးက ဖြည့်စွက်ပြောသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအများစုအနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်အပေါ် တုံ့ပြန်မှုမရှိသည့်အတွက် စိတ်ပျက်မိကြောင်း၊ အကူအညီ အမှန်တကယ်လိုအပ်သူများအတွက် အကူအညီပေးရေး အစီအစဉ်များကို ကြိုဆိုလက်ခံသွားမည်ဖြစ်သော်လည်း စစ်ကောင်စီကို အကြမ်းဖက် ဆက်လက် ကျူးလွန်စေမည့် လတ်တလော အစီအစဉ်များအပေါ် ကန့်ကွက်ကြောင်းနှင့် ဘက်မျှသည့် လူသားချင်း စာနာထောက်ထားမှု ဖြစ်စေရန်အတွက် လုပ်ဆောင်သင့်သည့် အချက်များကိုပါ ပူးတွဲ ထုတ်ပြန် ချက်တွင် ဖော်ပြတောင်းဆိုထားသည်။
အလားတူ အာဆီယံ၏ အတိုင်ပင်ခံ အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် စိုးရိမ်ပူပန်သလို စိတ်ပျက်မိကြောင်းနှင့် ၎င်းဆုံးဖြတ်ချက်ချမှုတွင် အရေးပါသော NUG နှင့် EAOs အဖွဲ့များကို ဖယ်ထုတ်ထားမှုကြောင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့အား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး တုံ့ပြန်ရေး ဗဟိုချက်တွင် နေရာရစေကြောင်းလည်း မေလ ၇ ရက်နေ့က NUG ဘက်က သဘောထားထုတ်ပြန်ထားသေးသည်။
ထို့အတူ အာဆီယံ၏ ဆုံးဖြတ်ချက်အပေါ် ပြည်တွင်းပြည်ပလူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် (SAC-M) စသည့် အဖွဲ့အစည်းများအနေဖြင့် အာဆီယံ၏ အစည်းအဝေးအပြီး အသီးသီး သဘောထားထုတ်ပြန် ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြသေးသည်။







