ဒေါကလူကွန်ယက်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သူးလေထီ (ThooLei Lottery) စတင်မိတ် ဆက်ပွဲအခမ်းအနားကို ယမန်နေ့ မေလ ၃၀ရက်နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ် မြေတစ်နေရာ၌ ပြုလုပ်ခဲ့ရာ KNU ခေါင်းဆောင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ကရင့်အမျိုးသားတော်လှန်ရေးကို ပံ့ပိုးကူညီနိုင်ရန် ရည်ရွယ်ပြီး ဒေါကလူကွန်ယက်က ပထမဦးဆုံးအကြိမ် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ၎င်းသူးလေထီ မိတ်ဆက်ခြင်းအခမ်းအနားကို KNU ဗဟိုမှ အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုကော်မတီဝင်ပဒိုစောသမိန်ထွန်းနှင့် KNLA ဗဟို စစ်ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထုဝေါနှင့် ခေါင်းဆောင်အချို့ တက်ရောက် မိတ်ဆက်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
အဆိုပါထီကို KNU အစိုးရ၏ လက်အောက်ခံထီတစ်ခုအနေဖြင့် ပေါ်ပေါက်လာရန်နှင့် ထီရောင်းရငွေများမှ တဆင့် ကရင်အမျိုးသားတော်လှန်ရေးအတွက် အကူအညီပေးနိုင်ရေးအပြင် KNU အပေါ် လူထုထောက်ခံမှုပိုမိုရရှိလာရန် ရည်ရွယ်ကြောင်း သူးလေထီကို စတင်အကောင်အထည်ဖော်သည့် ဒေါကလူ ကွန်ယက်မှ ဥက္ကဌဖြစ်သူ စောဝယ်ကိုးက ယခုလို ပြောသည်။
“ သူးလေထီက ကော်သူးလေအစိုးရရဲ့ လက်အောက်က ထီဖြစ်ဖို့အတွက်ဖြစ်တယ်။ ကျနော်တို့ ဒေါကလူကွန် ယက်က ကမကထပြုတယ်ဆိုပေမဲ့ ကေအဲန်ယူ ထီဖြစ်ရမယ်။ ဒီထီကရတဲ့ဝင်ငွေကနေ ကျနော်တို့ တော်လှန် ရေးအတွက် အကျိုးဖြစ်စေမယ်၊ ဌာနတွေရဲ့ လည်ပတ်မှု၊ ကျန်းမာရေး၊ ပညာရေးစတာတွေအတွက် ရည်ရွယ်ထားတယ်။ ပြီးရင်တော့ ကျနော်တို့ ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်းမှာ ဒီထီကို ရောင်းချသွား မယ်။ ဒါကလည်း နယ်မြေအတွင်း နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှု ဘယ်လောက်ရှိလဲဆိုတဲ့အတွက်ပါ ရည်ရွယ် ထားတာပါ“ ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလောတွင် သူးလေထီကို အွန်လိုင်း စနစ်ဖြင့်သာ ကနဦး ခြေလှမ်းအဖြစ် ဆောင်ရွက်နိုင်သေးပြီး KNU ၏ တရားဝင် အသိအမှတ်ပြုမှုရရှိရေးအတွက် ဒေါကလူကွန်ယက်မှ သက်ဆိုင်ရာတာဝန်ရှိသူများကို စာတင် ထားသည်ဟု သိရသည်။
ယခု စတင်မိတ်ဆက်သည့် သူးလေထီကို ကော်သူးလေ အစိုးရ၏ ဘဏ္ဍာငွေ ရှာဖွေရေးဌာန တစ်ခုအနေဖြင့် တရားဝင်လည်ပတ်သွားရန် ဒေါကလူကွန်ယက်ဘက်မှ ရည်ရွယ်ထားပြီး လက်ရှိတွင်လည်း KNU တာဝန် ရှိသူများဘက်မှ ဆွေးနွေးသွား ရန်ရှိကြောင်း KNU အထွေထွေတွင်းရေးမှူး(၂) ပဒို စောလှထွန်းက ယခုလို ပြောသည်။
“ သူတို့ စမလုပ်ခင်ကတည်းက ကျနော်တို့ KNU ခေါင်းဆောင်ပိုင်းတချို့ကော၊ KNLA ခေါင်းဆောင်ပိုင်းတချို့နဲ့ ပြောဆို ဆွေးနွေးတာမျိုးလုပ်ခဲ့တယ်။ ဒါ့အပြင် KNU ကနေ သိရှိပြီးတော့ တရားဝင်အသိအမှတ်ပြုနိုင်ဖို့အတွက် အသိပေးစာတင်ထားတာလည်းရှိတယ်။ ဒီအပေါ်မှာ ကျနော်တို့ကေအဲန်ယူအနေနဲ့ ဒါကို ထီလုပ်ငန်းဆိုင်ရာ ကမ္ဘာ့သတ်မှတ်ချက်၊ စည်းမျဉ်းဥပဒေ စံနှုန်းတွေနဲ့အညီသွားနိုင်ဖို့က ပြန်လည် စိစစ်ဆောင်ရွက်သွား ဖို့ရှိတယ်။ စံချိန်စံညွှန်းစည်းမျဉ်းဥပဒေနဲ့ရှင်းရှင်းလင်းလင်း ရှိဖို့လိုတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ ဒေါကလူ ကွန်ယက်မှ အသိပေးတင်ပြထားသည့် စာကို သက်ဆိုင်ရာ ကေအဲန်ယူ ခေါင်းဆောင်များထံ တင်ပြအသိပေးပြီးနောက် ကေအဲန်ယူ အဖွဲ့အစည်းလက်အောက်ခံ ဌာန ၁၄ ခုအနက် သင့်တော်သည့် ဌာန တစ်ခု တွင် ထည့်သွင်းသွားနိုင်ရေး တွေ့ဆုံဆွေးနွေးသွားရန် သဘောထားရှိကြောင်းလည်း ပဒိုစောလှထွန်းက ဆက် ပြောသည်။
သူးလေထီကို အွန်လိုင်းစနစ်ဖြင့် ယခုမေလမှစ၍ စတင်ရောင်းချပေးနေပြီး လာမည့် ဇန်လ ၁ ရက်နေ့တွင် ပထမဦးဆုံးအကြိမ် ထီပေါက်စဉ်များကို ဖွင့်လှစ်ကြေညာပေးသွားမည်ဖြစ်ကာ ပထမဆုတစ်ဆု နှင့် ဒုတိယဆု ၅ ဆုကို ထီလက်မှတ် ရောင်းရငွေ၏ ရာခိုင်နှုန်းအလိုက် ပေးအပ်သွားမည်ဖြစ်ကြောင်း မိတ်ဆက်ပွဲတွင် တာဝန်ရှိသူများက ပြောဆိုခဲ့သည်။
ကနဦးခြေလှမ်းအနေဖြင့် သူးလေထီကို အမေရိကန်၊ ဩစတေးလျ၊ ကိုရီးယား၊ ဆွီဒင်၊ ထိုင်း၊ စင်္ကာပူနှင့် မြန်မာစသည့် နိုင်ငံ ၇ နိုင်ငံမှ တပြိုင်တည်း ထိုးသွားနိုင်ရန် စီစဉ်ထားပေးပြီး နိုင်ငံအလိုက် စျေးနှုန်း များသတ်မှတ်ကာ တစ်လတွင် နှစ်ကြိမ်ထွက်မည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ဆိုသည်။
ထို့အပြင် လက်ရှိ ထီပေါက်ဆုငွေ ပေးအပ်မှု ပုံစံအရ ငွေကြေးပမာဏ ပုံသေသတ်မှတ်ထားမှု မရှိသေးဘဲ ထီရောင်းရငွေ၏ ၁၀၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထဲတွင် ၇၀ ရာခိုင်နှုန်းကို ပထမဆု ဆုကြေးငွေအဖြစ် ပြန်လည် ပေးအပ်သွားမည်ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းများကို ဒုတိယဆုအနေဖြင့် ပေးအပ်သွားမည်ဖြစ်သည်။
ကျန်ရောင်းရငွေ၏ ၅၀ ရာခိုင်နှုန်းကိုမူ ၂၅ ရာခိုင်နှုန်းအတွက် KNU အဖွဲ့အစည်းသို့ ပေးအပ်သွားမည်ဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုမူ ဒေါကလူကွန်ယက်၏ လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်များအတွက် အသုံးပြုသွား မည်ဖြစ်ကြောင်း သူးလေထီ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
အလားတူ စစ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာသည့် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)အနေဖြင့်လည်း အွန်လိုင်းထီ ရောင်းချမှုအစီအစဉ် တစ်ရပ်ပြုလုပ်ခဲ့သေးသည်။







