ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ် ကောင်စီတပ်က မေလ ၂၉ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်တွင် နန်းသိုင်းထွန်ရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ် မှုကြောင့် အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံးပြီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရွာသားများထံမှ သိရသည်။
နန်းသိုင်းထွန်ရွာသူ အသက် ၃၃ နှစ်အရွယ် မဇင်ဦးသည် ၎င်းနေအိမ်နောက်ဖေး၌ ထမင်းချက်ပြုတ်နေစဉ် နေအိမ်အနောက် ဘက် ငှက်ပျောခြုံအနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဘယ်ဖက်ခြမ်းမျက်နှာတွင် ကျည်ထိမှန်ကာ နေရာ တွင် ပွဲချင်းပြီးသေဆုံးပြီး အသက် ၇ နှစ်အရွယ်ရှိ သူမ၏သမီးဖြစ်သူလည်း ပါးတွင်ကျည်ထိမှန် ဒဏ်ရာရသွားကြောင်း ရွာသားတစ်ဦးက ပြောသည်။
သူက “ သူကအိမ်အနောက်ဖက် ထမင်းချက်နေတုန်းမှာ အလုံးကြီးကျတော့ ပွဲချင်းပြီးဆုံးသွားတယ်။ သူ့ကလေးလည်း ဒဏ်ရာရလို့ ဆေးရုံကို သွားပို့နေပြီ။ မနေ့ညက တစ်ညလုံးပစ်ကြတယ်။ ဒီမနက်မှာ အလုံးကြီးရော၊ အသေးရော ပစ်ကြ တယ်။ ကလေးက အမေဘာဖြစ်လဲမသိဘူး လှမ်းထွက်အော်လာတော့မှ ကျည်ထိမှန်းသိကြတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။
တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ် ခလရ ၂၈၄၊ ၃၂ တပ်ရင်းနှင့် နယ်ခြား စောင့်တပ် -BGF အမှတ် ၁၀၂၁ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့သည် လက်နက်ကြီးလက်နက်ငယ်များ ညစဉ်ပစ်ခတ်လျက်ရှိပြီး စခန်းရှေ့ အများပြည်သူသွားလာနေသည့် ဝင်းရော်လမ်းမကြီးကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ရွာသားများထံမှ သိရသည်။
ခလယ်-တံခွန်တိုင်တိုက်နယ်သည် KNU ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုနယ်မြေထဲတွင် တည်ရှိပြီး ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ မှစပြီး စစ်ကောင်စီတပ်နှင့် KNU တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ကျေးရွာ ၁ဝ ရွာခန့်မှ ဒေသခံရွာသား တစ်သောင်းနီးပါး အခြားမြို့ ရွာများနှင့် တောတောင်များတွင် စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။
ထို့နောက် ရွာသားအချို့ မှာ ပြန်လည်နေထိုင် ကြသော်လည်း ပစ်ခတ်မှုနေ့စဉ်ရှိလာသည့်အတွက် နီးစပ်ရာနေရာများတွင် ထပ်မံ၍ စစ်ဘေးရှောင် နေကြရပြီး ကျန်းမာရေးနှင့် စားဝတ်နေရေး အခက်ခဲများရှိလာသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။
စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့တွင်လည်း တံခွန်တိုင်ရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သေးသည်။
ထို့အပြင် ရွာသားများအား လူသားဒိုင်းအဖြစ် အသုံး ပြုခြင်း၊ ပေါ်တာအဖြစ် ဖမ်းဆီးခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းနှင့် စခန်းရှေ့ဖြတ်သန်းသွားလာ သူများကိုလည်း သေနတ်ဖြင့် လှမ်းပစ်ခတ်မှုပြုလုပ်သည့် အတွက် ဒေသခံရွာသား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။







