ကသာစစ်ကောင်စီတပ် အင်းရွာမှ နေအိမ်အချို့ မီးရှို့သည့်အပြင် လက်နက်ကြီးပစ်ခတ်မူကြောင့် ကိုရင်နှစ်ပါးသေဆုံး၊ အရပ်သားပြည်သူ ၁၆ ဦးဒဏ်ရာပြင်းထန်

ကသာစစ်ကောင်စီတပ် အင်းရွာမှ နေအိမ်အချို့ မီးရှို့သည့်အပြင် လက်နက်ကြီးပစ်ခတ်မူကြောင့် ကိုရင်နှစ်ပါးသေဆုံး၊ အရပ်သားပြည်သူ ၁၆ ဦးဒဏ်ရာပြင်းထန်

မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ မေလ ၁၄ ရက်နေ့ ထွက်ခွာလာသည့် စစ်အင်အား ၃၀၀ ခန့်ပါ နှစ်ထပ် စစ်သင်္ဘော ၃ စီးသည် မေလ ၁၉ရက်ည စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာသို့ ရောက်ရှိလာကာ ‌အင်းရွာမှနေအိမ်များ မီးရှို့ဖျက်ဆီးသည့်အပြင် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မူကြောင့် ကိုရင် ၂ ပါး သေဆုံးကာ အရပ်သားပြည်သူ ၁၆ ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသတွင်း ရင်းမြစ်များထံမှ သိရသည်။

“မနေ့ညနေပိုင်း ၂နာရီလောက်မှာ လက်နက်ကြီးပစ်ပြီးတာနဲ့ မီးရှို့တာဘဲ လက်နက်ကြီးထိလို့ ဘုန်းကြီးကျောင်းက ကိုရင်နှစ်ပါး သေတယ်။ ပြီးတော့ သာမန်ပြည်သူက ၁၆ ယောက်ထိထားတယ်လို့ သိရတယ်။ တစ်ရွာလုံးနီးပါးလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသတွင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိချိန်အထိ ကျေးရွာနေပြည်သူအချို့ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေသရင်းမြစ်များ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်၏ သင်္ဘော ၃ စီးသည် အင်းရွာ၊ ကြက်တကောင်‌ကျေးရွာအနီး ကမ်းကပ်ထားပြီး အင်းရွာတိုက်နယ်ကျေးရွာရှိ အိမ်များလိုက်လံမီးရှို့ဖျက်ဆီးခဲ့ပြီး အင်အား၂၀၀ကျော်ခန့် ပျဉ်းလေးပင်ရွာဘက်သို့ ခြေလျှင်စစ်ကြောင်းဖြင့် ဆက်လက်ချီတက်သွားကြောင်း သိရသည်။

ထို့ကြောင့် ပျဉ်းလေးပင်ရွာ၊ ပိလ္လဟာကျေးရွာများထိ ဆက်လက်စစ်ကြောင်း ထိုးလာနိုင်သည့်အတွက် အနီးပတ်ဝန်းကျင်မှ ပြည်သူများ ကြိုတင်ရှောင်ရှားရန်လိုအပ်ကြောင်း ကသာ တစ်လျှောက်လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

“သူတို့က သင်္ဘော မှာ အားလုံးမနေရဲ့ဘူး ကြောက်တာလေ။ အဲတော့အင်အားတစ်ချို့ကသဘော်ကပ်ထားတဲ့ အနီးတစ်ဝိုက်နေရာယူထားတယ်။ တစ်ချို့ကျတော့ အနီးပတ်ဝန်းကျင်ရွာတွေကို လိုက်မွှေနေတဲ့သဘောရှိတယ် အဲကြောင့်ပြည်သူတွေ သတင်းနားစွင့်ပြီး ကြိုရှောင်ကြဖို့ လိုအပ်တယ်” လို့ ကသာနယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ယင်း စစ်ကောင်စီ၏ သင်္ဘောသည် မေလ ၁၄ရက်နေ့ မန္တလေးမှ ထွက်ခွာလာပြီးနောက် မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ကန့်ဘလူခရိုင်တပ်ရင်း ၃ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှော့ခ်တိုက်ဒုံးဖြင့်ပစ်ခတ်ရာ နှစ်ထပ်စစ်သင်္ဘော ၁ စီးထိမှန်ခဲ့ခြင်း သိရသည်။

သို့သော် ယင်းထိမှန်ခဲ့သည့်သင်္ဘောအား တွဲကာဆက်လက်ဆန်တက်လာခြင်းဖြစ်ပြီး ကသာ ကြောင်တကောင်ကျေးရွာအနီးတွင် ကပ်ဆိုက်ထားပြီး အနီးပတ်ဝန်းကျင်မှကျေးရွာများတွင် ဝင်ရောက်သွားလာနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ကြောင်း အသုံးပြုကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်ဘက်သို့ မကြာခနဆိုသလို စစ်အင်အားပို့ဆောင်နေဆဲဖြစ်သော်လည်း ယခုအကြိမ်ပို့ဆောင်ခြင်းသည် စစ်အင်အားအများဆုံးဖြစ်ကြောင်း သိရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...