ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားများ မဖွင့်လှစ်နိုင်သေးသည့် အခြေအနေတွင် မြန်မာဘက်အခြမ်း မြ၀တီနယ်စပ်တစ်လျှောက် နေရာများမှ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက် အလုပ်လုပ်ကိုင်ရန် လူပို့ပွဲစားများအစီအစဉ်ဖြင့် ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ကြစဉ် ဖမ်းဆီးခံရမှုမှာနေ့စဉ် မြင့်တက်လာနေကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူများက ပြောသည်။
၂၀၂၂ ခုနှစ်၊ မေလ ၁ရက်နေ့မှ စတင်၍ ထိုင်းမြန်မာနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် ထိုင်းနိုင်ငံဘက်မှ ကြေငြာထားသော်လည်း လက်ရှိအခြေအနေတွင် မြ၀တီချစ်ကြည်ရေးတံတား အမှတ် (၂) ဘက်တွင်သာ နှစ်နိုင်ငံ သဘောတူစာချုပ်-MOU လုပ်သားပို့ဆောင်ရေး အစီအစဉ်ဖြင့် လူတစ်ထောင်၀န်းကျင်သာ ၀င်ခွင့်ပြုနိုင်သေးသည်ဟု သိရသည်။
လတ်တလောတွင် ထိုင်းနိုင်ငံအတွင်းသို့ တရား၀င်လမ်းကြောင်းမှ ၀င်ရောက်ရန် နယ်စပ်တံတားမဖွင့်နိုင်သေးသည့်ဖြစ်စဉ်ကြောင့် မြန်မာလုပ်သားအများစုမှာ တရားမ၀င်လမ်းကြောင်းမှ ထိုင်းနိုင်ငံအတွင်း ၀င်ရောက်သည့် လမ်းကြောင်းများတွင် နေ့/ည ထိုင်းနယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့တို့ စောင့်ကြည့် ဖမ်းဆီးခံရမှုကြောင့် နေ့စဉ်လူရာချီထိန်းသိမ်းခံနေကြရကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်သူတစ်ဦးက ယခုလို ပြောသည်။
“နယ်စပ် ခိုး၀င်လမ်းကြောင်းက နေ့တိုင်းရှိနေတာပါပဲ။ ထိုင်းဘက်မှာဖမ်းမိလို့ မြန်မာဘက် ပြန်ပို့ခံရတာလည်း ၂၀၂၂ နှစ်ဆန်းပိုင်းကနေ အခုမေလအထိဆို လူတစ်သောင်းနီးပါးရှိလာလည်း ပြန်ထပ်တက်လာကြတာပါပဲ၊ လွတ်သွားတော့လည်း အလုပ်ခွင်ရောက်သွားကြ၊ အလုပ်လုပ်ကြရင်း အထောက်အထားတွေရအောင် ပွဲစားနဲ့ ဆက်လုပ်ကြတာမျိုးတွေများပါတယ်၊ MOU နဲ့လာတာက ပိုက်ဆံကတော့ အောက်လမ်းလာတာနဲ့ သိပ်မ ကွာပါဘူး၊ သတ်မှတ်ကြေးနဲ့ဆို ထိုင်းတက်ဖို့ကြာမယ်။ အမြန်ကြေးနဲ့ဆို မြန်မယ်ဆိုပြီး လူစုထားကြတာများတယ်”ဟု ပြောသည်။
လက်ရှိအချိန်တွင် နှစ်နိုင်ငံနယ်စပ်တံတားများ တရားဝင် မဖွင့်လှစ်သေးသည့်အချိန်တွင် မြ၀တီတွင် လချီစောင့်ပြီး နေရေးစားရေး ဒုက္ခများကြုံတွေ့ရပြီး ခေတ်ပျက်ချိန်တွင် တစ်ပူပေါ်နှစ်ပူဆင့်ကာ ဒုက္ခများ မရောက်စေလိုကြောင်း မဲဆောက်အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်သူက ဆက်ပြောသည်။
“တံတားက လူပို့ဖို့ အဖွင့်အပိတ်က ညှိနိုင်းလို့ ရသလောက်ပဲ ထိုင်းကို ၀င်လို့ ရနေတာဆိုတော့ မသေချာဘူး၊ အေဂျင့်ကုမ္ပဏီတွေက လူစာရင်းပါဖို့ အလုအယက်လုပ်ကိုင်နေကြတာဆိုတော့ မြန်မာအလုပ်သမားတွေ အတွက်ကတော့ ထိုင်းကို အလုပ်လုပ်ဖို့ လာမယ်ဆိုရင် သေချာစုံစမ်း ချိတ်ဆက်ပြီးမှ လာစေချင်ပါတယ်။”ဟု သူက ထပ်လောင်းပြောဆိုသည်။
ထိုင်းနိုင်ငံအတွင်း စက်ရုံအလုပ်များတွင် အလုပ်သမား လိုအပ်ချက်များစွာရှိနေသည့်အတွက် မြန်မာရွှေ့ပြောင်း လုပ်သားများ လူတစ်ဦးလျှင် ဘန်ကောက်အလုပ်နေရာအရောက် ဘတ်ငွေ ၂၃,၀၀၀ ထောင် မှ ၃၀,၀၀၀ သောင်းအထိ ငွေပေးရပြီး သွားရောက်လုပ်ကိုင်သည့် တရားမ၀င်လမ်းကြောင်းမှာ နယ်စပ် တံတားများဖွင့်ခြင်း မဖွင့်ခြင်းနှင့် မသက်ဆိုင်ကြောင်း၊ အထောက်အထားမရှိသူများ၊ အလုပ်သမားစာချုပ်ဖြင့် မလုပ်လိုသူများအနေဖြင့် တရားမ၀င်လမ်းကြောင်းမှာ ဆက်လက် ၀င်ရောက်သူများရှိနေလိမ့်မည်ဟု ထိုင်းနိုင်ငံအတွင်း တရားမ၀င်လမ်းကြောင်းဖြင့် ၀င်ရောက် အလုပ်လုပ်ကိုင်ဖူးသူတစ်ဦးက ပြောသည်။
“MOUက စာချုပ်တွေနဲ့နေရတာ၊ လုပ်ရတာ၊ အလုပ်နေရာမှာ မကြိုက်လည်း အလုပ်ပြောင်းလို့ မရဘူး၊ အလုပ်ရှာပေးတဲ့ အေဂျင့်တွေက အလုပ်အမျိုးအစားနဲ့ ခေါ်စဉ်က အလုပ်ရုံအလုပ်အမျိုးအစားနဲ့ တကယ်ရောက်သွားတဲ့ အခါလုပ်ရတာက တစ်မျိုးဖြစ်ကြတာများတယ်။ အပြင်အလုပ်က ကြိုက်တဲ့နေရာ နေ့စား၊ လုပ်ကွက်စား၊ ပုတ်ပြတ်၊ စျေးရောင်း၊ ခြံရှင်နဲ့ ဆိုင်ရှင်နဲ့ ကော်မရှင်စား၊ အကျိုးတူကြိုက်တာလုပ်လို့ ရတယ်၊ MOU ပဲ ဖြစ်ဖြစ်၊ အောက်လမ်းက သွားတာပဲဖြစ်ဖြစ် အားနည်းချက်၊ အားသာချက်ကတော့ အလုပ်နေရာတိုင်းမှာတော့ ရှိတာပါပဲ၊ တံတားဖွင့်လည်း အောက်လမ်းက ၀င်တဲ့အခြေအနေကတော့ ဆက်ရှိနေအုန်းမှာပါပဲ၊” ဟု ကိုဗစ် ၁၉ ကူးစက်ရောဂါကာလ မြန်မာပြည်တွင်း ပြန်၀င်ခဲ့သူ အလုပ်သမားတစ်ဦးက ပြောသည် ။
လက်ရှိအချိန်တွင် မြ၀တီချစ်ကြည်ရေးတံတား အမှတ်(၁)အား မဲဆောက်ဘက်မှရုံးလုပ်ငန်းများ လုပ်ဆောင်ရန် နေ့စဉ်ဆောင်ရွက်နေမှုများရှိသော်လည်း မြ၀တီဘက်အခြမ်းတွင် တံတား၀န်းကျင်သန့်ရှင်းရေး ပြုလုပ်ထားသည့် အခြေအနေမှတပါး စစ်ကောင်စီ၀န်ထမ်းများဌာနဆိုင်ရာများထံသို့ အထက်ဌာနများအနေဖြင့် အမိန့်တစ်စုံတစ်ရာညွှန်ကြားခြင်း၊ ထုတ်ပြန်ကြေငြာအသိပေးခြင်းများမရှိသေးကြောင်း မြ၀တီစစ်ကောင်စီဌာနဆိုင်ရာများနှင့် နီးစပ်သူများက ပြောသည်။







