နိုင်ငံတကာ ပါဝင်ပတ်သက်မှုမရှိလျှင် ပွင့်လင်းမြင်သာမှုရှိသည့် ဆွေးနွေးပွဲ မဖြစ်နိုင်ကြောင်း EAO တချို့ပြော

နိုင်ငံတကာ ပါဝင်ပတ်သက်မှုမရှိလျှင် ပွင့်လင်းမြင်သာမှုရှိသည့် ဆွေးနွေးပွဲ မဖြစ်နိုင်ကြောင်း EAO တချို့ပြော

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများတွင် နိုင်ငံတကာတိုင်းပြည်များ၏ ပါဝင်မှု မရှိလျှင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူတာဝန်ခံမှုရှိသည့် ဆွေးနွေးပွဲမဖြစ်နိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတချို့က မေလ ၁၂ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စွပ်စွဲပြောဆိုမှုနှင့် ပတ်သက်ပြီး ပြန်လည်တုန့် ပြန်ပြောဆိုခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPPနှင့် ကချင်လွတ်လပ်ရေးအဖွဲ့-KIO မတက်ရောက်ခြင်းသည် ပြည်ပနိုင်ငံများ၏ ပါဝင်ပတ်သက်မှုကြောင့်ဟု စွပ်စွဲပြောဆိုထားသည့်အပေါ် ဆွေးနွေးပွဲကို မတက်ရောက်သော KNU ဘက်က ယခုလို တုန့်ပြန်ပြောဆိုခဲ့သည်။

၎င်းက “ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု ရှိဖို့ဆိုရင် ဆွေးနွေးပွဲတွေမှာ နိုင်ငံတကာက ပါဝင်ကို ပါဝင်ရမယ်။ နိုင်ငံတကာတိုင်းပြည်တွေသာ မပါဝင်ဘူးဆိုရင် ဆွေးနွေးမှုတွေဟာ လေးစားမှုတွေ၊ အမှန်တရားတွေရှိမှာ မဟုတ်ဘူး။ အရင်ကတည်းက ကျနော်တို့ ကြုံတွေ့ခဲ့ရဖူးပြီးပြီ။ နိုင်ငံတကာကသာ မပါဘူးဆိုရင် သူတို့ (စစ်တပ်)ကပဲ စိတ်ကြိုက်လုပ်နေအုံးမှာပဲ။ ဒါတွေကို ကျနော်တို့ ကြိုမြင်ထားပြီးသား” ဟု ကေအိုင်စီသို့ ပြောသည်။

နိုင်ငံ့အရေး၊ ပြည်တွင်းအရေးသည် ပြည်ပနိုင်ငံများပါဝင်ပတ်သက်နေသမျှ တည်ငြိမ်အေးချမ်းမည် မဟုတ်ဘဲ မြန်မာနိုင်ငံအရေးကို မြန်မာနိုင်ငံသားများကပင် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ အစည်းအဝေးတွင် ၎င်းတို့၏ သတင်းရုပ်သံမှ တဆင့် ပြောဆိုထားခြင်းဖြစ်သည်။

ထို့အတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ဖိတ်ခေါ်မှုသို့ မတက်ရောက်သည့် အဖွဲ့များတွင် NCA ရေးထိုးထားပြီး အကြောင်းပြ၍မတက်သည့်အဖွဲ့သုံးဖွဲ့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ထဲများမှ မတက်ရောက်ဟုကြေညာသည့် အဖွဲ့သုံးဖွဲ့ရှိကြောင်း၊ မူလတွင်တက်ရောက်မည့်ဆန္ဒရှိပြီး နောက်ပိုင်းတွင် လာမတက်ဟု ဆုံးဖြတ်ချက်ခဲ့သည့်အဖွဲ့မှာ KNU အဖွဲ့ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုလို ပြောဆိုခဲ့သည်။

“KNU ရယ် ၊ နောက်တစ်ခါ KIA ရယ်၊ KNPP ကတော့ အဲဒီနယ်မြေတွေမှာရှိတဲ့ တချို့သော သူတို့ဆီက အဖွဲ့အစည်းတွေက ကျနော်တို့ဆီမှာ လက်ရှိအကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ PDF နောက်တစ်ခါ CRPH သူတို့နဲ့ဆက်နွယ်နေတဲ့ဟာတွေရှိတာတွေ့တယ်။ နောက်တစ်ခါ ဒီအဖွဲ့တွေက ပြည်ပနိုင်ငံရဲ့ ပတ်သက်မှုနဲ့ ဆက်နွယ်နေတယ်လို့လည်း ကျနော်တို့ သိထားပါတယ်။ ဒါကြောင့်လည်း သူတို့က ကျနော်တို့ရဲ့ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ မတက်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ကျနော်တို့ တွေ့ရှိရပါတယ်”ဟု စစ်ခေါင်းဆောင်က ပြောဆိုထားခြင်းဖြစ်သည်။

ဆွေးနွေးပွဲအတွင်း နိုင်ငံတကာ တိုင်းပြည်များအနေဖြင့် ပါဝင်ရမည်ဖြစ်ကြောင်း KNU အနေဖြင့် သဘောထားထုတ်ပြန်ထားပြီး ပြည်ပတိုင်းပြည်များ၏ ပါဝင်မှုကို တောင်းဆိုထားခြင်းမှာလည်း ၎င်းတို့အပေါ် ဩဇာခံလွှမ်းမိုးစေခြင်းမျိုးမဟုတ်ဘဲ ဆွေးနွေးပွဲများတွင် စစ်တပ်၏ တစ်ဖက်သတ် စိတ်ကြိုက်လုပ်ဆောင်မှုများရှိနေခြင်းအပေါ် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစေရန်အတွက်သာ ဖြစ်ကြောင်းလည်း ပဒိုစောတောနီးက ဆက်ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး၊ သံတမန်ရေးအရ နိုင်ငံတကာ တိုင်းပြည်များနှင့် ယခင်နှစ်ပေါင်းများစွာကတည်းက ဆက်ဆံလာခဲ့ကြတာဖြစ်ပြီး ယခုလို ပြောဆိုမှုသည် အခြေအမြစ်မရှိသည့် စွပ်စွဲပြောဆိုမှုဖြစ်သလို နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုဖြင့် အဖွဲ့ အစည်းက ရပ်တည်နေခြင်းမျိုးမဟုတ်ကြောင်းလည်း စစ်ကောင်စီ၏ ဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို ငြင်းဆန်ထားသည့် KNPP မှ အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ပြောသည်။

၎င်းက “ပြည်ပဩဇာခံတာမျိုး ကျနော်တို့မှာမရှိဘူး။ ကျနော်တို့က ကိုယ့်ပြည်သူလူထုအတွက်၊ တိုင်းသူ ပြည်သားအတွက် အခြေခံပြီးမှ လုပ်နေတာနှစ်ပေါင်းမနည်းတော့ဘူး။ တစ်လျှောက်လုံးက လူထုအတွက်ပဲ အလုပ်လုပ်နေတယ်။ ကိုယ့်တိုင်းရင်းသားတွေ အခွင့်အရေးရရှိဖို့ပဲ တိုက်ပွဲဝင်တယ်။ ဘယ်နိုင်ငံတကာမှ ကိုယ့်ကို လာဖိအားပေးတာလည်းမရှိဘူး။ ကိုယ့်ကို ထောက်ပံ့တာလည်းမရှိဘူး အဖွဲ့အစည်းကိုပေါ့။ စွပ်စွဲတာက အခြေအမြစ်မရှိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မြန်မာနိုင်ငံရေးကို မြန်မာနိုင်ငံသားများကသာ ဆုံးဖြတ်ရမည်ဟူသည့် ပြောဆိုမှုအပေါ်တွင်လည်း စစ်တပ်အနေဖြင့် ဆွေးနွေးပွဲတိုင်းတွင် ၎င်းတို့ အနိုင်ရရှိရေးကိုသာ တစ်ဖက်သတ်ဆွေးနွေးလေ့ရှိပြီး နိုင်ငံတကာပါဝင်မှုမရှိဘဲ အချင်းချင်း အကြား ဆွေးနွေးမှုအပေါ် အယုံအကြည်မရှိတော့သလို ယခုဆွေးနွေးပွဲသည်လည်း တိုင်းပြည်နိုင်ငံရေး ပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်းလည်း ခူဒယ်နီယာယ်က ဆက်ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် အပစ်ရပ်(NCA) ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် (၆) ဖွဲ့ နှင့် အပစ်ရပ်တွင် မပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၃) ဖွဲ့ တက်ရောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ပြောဆိုမှု အရသိရပြီး ကျန် အဖွဲ့အစည်းအသီးသီးမှာ အကြောင်းပြချက် ကိုယ်စီဖြင့် စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ထားကြောင်း တွေ့ရသည်။

အထူးသဖြင့် KIO၊ KNPPတို့အနေဖြင့် မေလ ၅ ရက်တွင်လည်းကောင်း၊ ချင်းအမျိုးသားတပ်ဦး (CNF)သည် မေလ ၆ ရက်တွင်လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) သည် မေလ ၈ရက်တွင်ကောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) သည် မေလ ၉ ရက်တွင်လည်းကောင်း အသီးသီးသဘောထားထုတ်ပြန်ကာ အကြောင်းပြချက် ကိုယ်စီနှင့် ငြင်းပယ်ထားသည်။

ထို့အတူ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA)၊ ရက္ခိုင့်တပ်တော် (ULA/AA) တို့သည်လည်း တစ်ဖွဲ့ချင်းစီ တက်ရောက်မည်မဟုတ်ဘဲ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဆုံးဖြတ်ချက်ဖြင့်သာသွားမည်ဟု သတင်း မီဒီယာမှတဆင့် တုန့်ပြန်ခဲ့သည်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မိုင်းလားအဖွဲ့ (NDAA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)တို့သည် စစ်ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ရွေးချယ်ဆုံးဖြတ်ခဲ့ကြသည်ကို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။

NCA အပစ်ရပ်ထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ကမူ စစ်ကောင်စီ၏ သတ်မှတ်ရက် နောက်ဆုံးရက်ကို ကျော်လွန်ကာ မေလ ၁၂ ရက်တွင်မှသာ ၎င်းတို့အဖွဲ့တက်ရောက်မည့်အကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...